မြို့နယ်တရားရုံးများ

ဖွဲ့စည်းခြင်း

မြို့နယ်တရားရုံးများကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်း တည်ထောင် ထားပါသည်။

တရားရုံး ဖွဲ့စည်းပုံ

မြို့နယ်တရားရုံးအသီးသီးတွင်မြို့နယ်တရားသူကြီးတစ်ဦးစီကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ခန့်ထားပါသည်။ တွဲဖက်မြို့နယ်တရားသူကြီးများနှင့် ဒုတိယမြို့နယ် တရားသူကြီး များကိုလည်း လုပ်ငန်းပမာဏအလျောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ခန့်ထားပါသည်။ အဆိုပါ တရားသူကြီးများအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံး ဥပဒေပါပြဌာန်းချက်များနှင့်အညီ စီရင်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စုတရားလွှတ်တော် ချုပ်မှ အပ်နှင်းထားပါသည်။

မြို့နယ်တရားသူကြီးသည် တရားရုံးစီမံအုပ်ချုပ်ရေးအတွက် တာဝန်ခံအရာရှိ တစ်ဦး ဖြစ်သည်။ မြို့နယ်တရားရုံး သို့တင်ပို့ရောက်ရှိလာသောမှုခင်းများကို တရားရုံးရှိ အခြားတရားသူကြီး များအား အမှုခွဲဝေပေးနိုင်သည့် လုပ်ပိုင်ခွင့် ရှိပါသည်။ သို့ရာတွင် တရားသူကြီးတိုင်းသည် ၎င်းတို့အား လွဲှအပ်လာသည့် အမှုများကို လွတ်လပ်စွာ စစ်ဆေးစီရင်ပိုင်ခွင့် ရှိပါသည်။

 စီရင်ပိုင်ခွင့်အာဏာ

မြို့နယ်တရားရုံးများသည် အဓိကအားဖြင့် မူလမှုများကို စစ်ဆေးစီရင်သည့် တရားရုံးများ ဖြစ်ကြပါသည်။ မြို့နယ်တရားရုံးများတွင် ခန့်ထားသော တရားသူကြီးများမှာ  မြို့နယ်တရားသူကြီးများ၊ တွဲဖက်မြို့နယ်တရားသူကြီးများ၊ ဒုတိယမြို့နယ်တရားသူကြီးများ ဖြစ်ပါသည်။ မြို့နယ်တရားသူကြီးများအား ရာထူးအလျောက် ၇ နှစ်ထိ ထောင်ဒဏ် ချမှတ်နိုင်သည့် အထူးရာဇဝတ်တရားသူကြီးအာဏာများကို ပေးအပ်ထားပြီး တွဲဖက်မြို့နယ် တရားသူကြီးများသည် အဆိုပါ အထူးရာဇဝတ်တရားသူကြီးအာဏာများကို အပ်နှင်းထားခြင်းခံရလျှင် ၇ နှစ်ထက်မပိုသည့် ထောင်ဒဏ်များ ချမှတ်နိုင်ပါသည်။ ကျန်ရှိသည့် ဒုတိယ မြို့နယ်တရားသူကြီးများသည် ၎င်းတို့အား အပ်နှင်းထားသည့် ရာဇဝတ်တရားစီရင် ရေး အာဏာများ အလိုက် ပြစ်ဒဏ်များ စီရင်ပိုင်ခွင့်ရှိပါသည်။

မြို့နယ်တရားရုံးများတွင် အမှုတန်ဖိုး သို့မဟုတ် ကျပ် သိန်း ၁၀၀ ထက် မပိုသည့် တရားမမူလမှု သို့မဟုတ် မူလမှုခင်းများကို စစ်ဆေးစီရင်ပိုင်ခွင်‌့ ရှိပါသည်။ မြို့နယ်တရားသူကြီး များသည် ၁၉၉၃ ခုနှစ်၊ ကလေးသူငယ်ဥပဒေအရ အထူးအပ်နှင်းထားသည့် ကလေးသူငယ်မှုခင်း စစ်ဆေး စီရင်ပိုင်ခွင့်အာဏာ ကိုလည်း ကျင့်သုံးဆောင်ရွက်ပါသည်။