နေပြည်တော်၊ ဇူလိုင် ၁၀
ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်မျှတမှုကို ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြည်သည့် ရေမြေသဘာဝဖြစ်ထွန်းစေရန်၊ ကောင်းမွန်မျှတသည့် ရာသီဥတုဖြစ်ပေါ်စေရန်နှင့် အရိပ်အာဝါသရရှိစေရန်ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇း၃၀ နာရီအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူ့ကျက်သရေလမ်းနှင့် ရွှေကြာပင်လမ်းထောင့်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ကွန်တိန်နာအိမ်ရာဝင်းအတွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများက ရတနာတန်းဝင်ကျွန်းပင် (၂၀၀) ပင်နှင့် တမလန်းပင် (၂၅) ပင်တို့ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ကွန်တိန်နာအိမ်ရာဝင်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။