ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဖိလစ်ပိုင်နိုင်ငံ ဘိုရာကေးကျွန်းတွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း

 

        တတိယအကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၊ ဘိုရာကေးကျွန်းရှိ Shangri-la Boracy Resort and Spa ၏ Halina Ball Room တွင် မတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

 

                    

 

  အဆိုပါအစည်းအဝေးဖွင့်ပွဲတွင် အာဆီယံနိုင်ငံများမှ အခြားသောတရားသူကြီးချုပ်များ နည်းတူ ပြည်ထောင်စုတရားသူကြီးချုပ်မှ နှုတ်ခွန်းဆက်အဖွင့်အမှာစကား ပြောကြားပြီးနောက် အစည်း အဝေးတွင် တက်ရောက်ဆွေးနွေးခဲ့ရာ၌ အာဆီယံတရားစီရင်ရေး သတင်းအချက်အလက်များအတွက် ASEAN Judiciaries Portal တည်ထောင်နိုင်ရန် ဆောင်ရွက်ရေးကိစ္စ၊ အာဆီယံတရားသူကြီးချုပ်များ အစည်းအဝေး၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရန် အာဆီယံအတွင်းရေးမှူးရုံးနှင့် ဆက်သွယ် ဆောင်ရွက်ရေးကိစ္စ၊ တရားစီရင်ရေးဆိုင်ရာလေ့ကျင့်သင်ကြားပေးနေမှု များတွင် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့်ကိစ္စ၊ အာဆီယံနိုင်ငံများအတွင်း တရားမမှုခင်းများတွင် တရားမဆင့်စာများချအပ်နိုင်ရန် လွယ်ကူအဆင်ပြေသည့် လုပ်ငန်းစဉ်ဖြစ်ပေါ်လာရေး ဆက်လက်လေ့လာသွားရန်ကိစ္စ၊ Court Technology နှင့် Case Management များအတွက် အာဆီယံနိုင်ငံများအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စများတွင် ပါဝင်ဆွေးနွေးခဲ့ပါသည်။

 

                 

 

      အာဆီယံတရားသူကြီးချုပ်များအစည်းအဝေးကို အာဆီယံဒေသတွင်းနိုင်ငံများအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ပထမအကြိမ်အစည်းအဝေးကို စင်ကာပူနိုင်ငံ၌ လည်းကောင်း၊ ဒုတိယ အကြိမ်အစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌လည်းကောင်း ကျင်းပခဲ့ပြီး ယခု တတိယအကြိမ်အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ ဘိုရာကေးကျွန်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ် ပါသည်။ ယင်းအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များ၊ ဒုတိယတရားသူကြီးချုပ်များ၊ ဒုတိယဥက္ကဌများ၊ တရားရုံးချုပ်တရားသူကြီးများနှင့် ဧည့်သည်တော်အဖြစ် ဂူအမ်နိုင်ငံ တရားသူကြီးချုပ်တို့ တက်ရောက်ခဲ့ကြပါသည်။

 

Myanmar

Category: