မြန်မာနိုင်ငံတရားစီရင်ရေးစနစ်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် တည်ရှိပြီး ‌မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့နှင့်အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ တောင်ဘက် တွင် အန်ဒါမန်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပါသည်။

မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် ၆၇၆၅၇၈ စတုရန်းကီလိုမီတာ ရှိပြီး သစ်တောဖုံး ဧရိယာမှာ ၃၄၄၂၃၇ စတုရန်း ကီလိုမီတာ၊ အသားတင် စိုက်ပျိုးမြေဧရိယာ ၁၄၇၇၂၈၀၃ ဟက်တာ၊ နှစ်သီးစား သုံးသီးစား အပါအဝင် စိုက်ပျိုးမြေဧရိယာ ၁၅၄၄၉၈၅၀ ဟက်တာ နှင့် ကမ်းရိုးတန်းအရှည် ၂၇၇၆ ကီလိုမီတာ ရှိပါသည်။

ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်များသည် မြောက်မှတောင်သို့ စီးဆင်း၍ မြစ်ဝ ကျွန်းပေါ်ဒေသများ ဖြစ်ထွန်းစေလျက်ရှိပါသည်။ မဲခေါင်မြစ်သည်လည်း မြန်မာနိုင်ငံ အရှေ့ဖျားဒေသ များတွင် စီးဆင်းလျက်ရှိပြီး တရုတ် - မြန်မာ နယ်နိမိတ်တွင် ၃၁ ကီလိုမီတာနှင့် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအကြား နယ်နိမိတ်တစ်လျောက်တွင် ၂၃၄ ကီလိုမီတာ ဖြတ်သန်းစီးဆင်းလျက် ရှိပါသည်။

မြန်မာနိုင်ငံသည် သယံဇာတ အရင်းအမြစ်များ မြေအောက် ရေနံနှင့် ရေအား လျှပ်စစ် အစရှိသည့် စွမ်းအင် အရင်းအမြစ်များ ကြွယ်ဝသည့် နိုင်ငံ ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင်  မြန်မာနိုင်ငံ၏ လူဦးရေမှာ ခန့်မှန်း သန်း ၆၀  ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီး ကုလသမဂ္ဂနှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ၏ လှုပ်ရှား ဆောင်ရွက်မှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လာခဲ့ပါသည်။ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါသည်။

ယနေ့အချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် လက်ရှိဖွံ့ဖြိုးတိုးတက်မှုများ နှင့်အညီ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်အား ခေတ်မီဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။