" တရားသူကြီးများအတွက် စေ့စပ်ညှိနှိုင်းမှုဆိုင်ရာကျွမ်းကျင်မှု အလုပ်ရုံဆွေးနွေးပွဲ " ကျင်းပ

နေပြည်တော် ဧပြီ ၂၇
        ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် စင်ကာပူသမ္မတနိုင်ငံ၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် စင်ကာပူ စေ့စပ်ညှိနှိုင်းရေးဗဟိုဌာနတို့၏ ပူးပေါင်းစီစဉ်မှုဖြင့်  "တရားသူကြီးများအတွက် စေ့စပ်ညှိနှိုင်း မှုဆိုင်ရာကျွမ်းကျင်မှု အလုပ်ရုံဆွေးနွေးပွဲ"(Mediation Skills Workshop for Judges) ကို ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ Royal ACE ဟိုတယ်တွင် ကျင်းပခဲ့သည်။

 

       


        အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို စင်ကာပူသမ္မတနိုင်ငံ၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့၏  "စင်ကာပူ-မြန်မာ ဥပဒေရေးရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ"အရ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စေ့စပ်ညှိနှိုင်းပေးခြင်းနှင့် စပ်လျဉ်းသည့် စင်ကာပူနိုင်ငံတရားရုံးများ၏ အငြင်းပွားမှုများနှင့်မှုခင်းများတွင်ဆောင်ရွက်သည့်အတွေ့အကြုံများ၊ နည်းလမ်းများ၊ မြန်မာနိုင်ငံတွင် စေ့စပ်ညှိနှိုင်းသည့်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ရန်ဖြစ်နိုင်ခြေများကို သိရှိလေ့လာရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။
        အလုပ်ရုံဆွေးနွေးပွဲတွင် စင်ကာပူ စေ့စပ်ညှိနှိုင်းရေးဗဟိုဌာန၏ Executive Director Mr. Loong Seng Onn နှင့် Premier Law LLC ၏ Associate Director Mr. See Chern Yang  တို့က စေ့စပ်ညှိနှိုင်းမှု၏အခြေခံသဘောတရားများ၊ ဆောင်ရွက်ပုံအဆင့်ဆင့်နှင့် စေ့စပ်ညှိနှိုင်းပေး သူက ဆောင်ရွက်ရမည့်အချက်များ ကို ဆွေးနွေးခဲ့ကြသည်။

 

       


        အလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့ပြီး၊ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်မှုရုံး၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ ဒက္ခိဏခရိုင်တရားရုံး၊ တောင်ငူခရိုင် တရားရုံး၊ ဥတ္တရသီရိမြို့နယ်တရားရုံး နှင့် ပုဗ္ဗသီရိ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် တရားသူကြီးများ စုစုပေါင်း ၂၇ ဦး တက်ရောက်ခဲ့ကြသည်။

Myanmar

Category: