နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း / ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၏ အကြိမ် (၂၀) မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာတွင် တရားစီရင်ရေးလုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရာတွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ တရားရုံး၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် အမှုအခင်းများကိုလည်း ဥပဒေနှင့် အညီ မှန်မှန်နှင့်မြန်မြန် စစ်ဆေးစီရင်ဆုံးဖြတ်သွားကြရန်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည် နှင့်အညီ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို စောင့်ထိန်းလိုက်နာကြရမည်ဖြစ်ကြောင်း၊ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ၏ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မှုခင်းများ စစ်ဆေးစီရင်ခဲ့မှုနှင့်စပ်လျဉ်းပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ရာဇဝတ် အမှုပေါင်း (၁၄၈၃) မှု လက်ခံရရှိပြီး (၁၂၆၇) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၂၁၆၁) မှု လက်ခံရရှိပြီး (၁၇၃၅) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ စာချွန်တော်လျှောက်ထားမှု (၂၄၃) မှု လက်ခံရရှိပြီး (၂၂၉) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တရားလွှတ်တော် များမှာ ရာဇဝတ်အမှုပေါင်း (၆၀၅၄) မှု လက်ခံရရှိပြီး (၅၇၁၈) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမ အမှုပေါင်း (၅၄၇၇) မှု လက်ခံရရှိပြီး (၄၉၈၆) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတရားရုံးများနှင့် ခရိုင်တရားရုံးများမှာ ရာဇဝတ်အမှုပေါင်း (၂၀၅၄၀) မှု လက်ခံရရှိပြီး (၁၇၅၉၅) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၁၄၀၃၁) မှု လက်ခံရရှိပြီး (၁၀၆၄၈) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မြို့နယ်တရားရုံးများမှာ ရာဇဝတ်အမှုပေါင်း (၃၀၇၀၂၁) မှု လက်ခံရရှိပြီး (၂၈၃၀၈၇) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၂၆၈၈၂) မှု လက်ခံရရှိပြီး (၂၁၉၈၂) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ဥပဒေအရတည်ထောင်သောအခြားတရားရုံးများဖြစ်သည့် ကလေးသူငယ် တရားရုံး (ရန်ကုန်နှင့်မန္တလေး) မှာ ကလေးသူငယ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၄၂၆) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁ မှု အပါအဝင်) (၄၂၇) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ စည်ပင်သာယာတရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့မှာ စည်ပင်သာယာဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၅၂၇၁) မှု လက်ခံရရှိပြီး (၅၂၂၉) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မော်တော်ယာဉ်တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့မှာ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း ဖောက်ဖျက်၍ မော်တော်ယာဉ်ဥပဒေအရ စွဲဆိုတင်ပို့သည့်အမှုပေါင်း (၇၉၇၂၃) မှုကို စစ်ဆေးစီရင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ COVID-19 ရောဂါ ဖြစ်ပွားမှုကာလ မှာ အမှုများရွှေ့ဆိုင်းခဲ့ရသော်လည်း တရားရုံးအဆင့်ဆင့်သို့ စွဲဆိုသည့် အမှုစုစုပေါင်း၏ ၉၂.၂ ရာခိုင်နှုန်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်းဖြင့် ပြောကြားသည်။
အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး / ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း / ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ တက်ရောက်ကြပြီး၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။