နေပြည်တော်၊ ဇန်နဝါရီ ၂၇
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၂) တွင် တတိယအကြိမ် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် (၀၈:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လိုကြောင်း လိုအပ်ချက်များ ပြည့်စုံစွာဖြင့် လျှောက်ထားသူ အထက်တန်းရှေ့နေ (၁၅၄) ဦးကို တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ပါသည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ထုံး/စစ်ဆေးရေး)၊ ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(Coronavirus Disease 2019) COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ အသွားအလာကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ဤကိစ္စအလို့ဌာ အမိန့်တစ်စုံတစ်ရာ ထပ်မံထုတ်ပြန်သည့် အချိန်အထိ Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါသည်။