တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း၏ စတုတ္ထနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၁) ထုတ်ပြန်ခြင်း

နေပြည်တော်၊ ဇန်နဝါရီ ၁၆

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က “အားလုံးအတွက် တိုးတက်ကောင်းမွန်သော တရားမျှတ မှုဆီသို့ (Towards Improving Justice for All)” ဟူသော ဆောင်ပုဒ်ဖြင့် ရေးဆွဲအ‌ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ငါးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ၏ စတုတ္ထနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၁) (Year 4 Action Plan – 2021) မြန်မာ-အင်္ဂလိပ် နှစ်ဘာသာအား ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

တရားစီရင်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အဖြစ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်းများကို ၂၀၁၅ ခုနှစ်မှစတင်၍ သုံးနှစ်တာ မဟာဗျူဟာစီမံကိန်းချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးနောက်၊ ဒုတိယမြောက် မဟာဗျူဟာလုပ်ငန်းအစီစဉ်ကို ငါးနှစ်တာကာလအတွက် ၂၀၁၈ ခုနှစ်မှစတင်၍ ချမှတ်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အနေဖြင့် နှစ်စဉ် လုပ်ငန်းအစီအစဉ်များကို ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် စတင်ခဲ့ပြီး မပြီးပြတ်သေးသော လုပ်ငန်းအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ရန်နှင့် အသစ်ထပ်မံ ဆောင်ရွက်ရန် ကိစ္စများအတွက် ဤစတုတ္တနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ်ကို ထုတ်ပြန်ရခြင်းဖြစ်ပါသည်။

တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း၏ စတုတ္ထနှစ် လုပ်ငန်းအစီအစဉ်ကို ပြည်ထောင်စု တရားလွှတ်‌တော်ချုပ်၏ အင်တာနက်စာမျက်နှာ www.unionsupremecourt.gov.mm တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။