ပထမအကြိမ် Video Conferencing ဖြင့် အမှုများကြားနာ

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းထားသည့် ရာဇဝတ်နှင့် တရားမဆိုင်ရာ မှုခင်းများကို Video Conferencing စနစ်ဖြင့် လက်ခံသင့် / မသင့် ကြားနာမည်ဖြစ်ကြောင်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ Website နှင့် Facebook တို့မှတဆင့် ၂၅-၁၁-၂၀၂၀ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်နှင့်အညီ လက်ခံသင့် / မသင့် ကြားနာခြင်းကို ယနေ့နံနက် (၉း၃၀) အချိန်က Video Conferencing စနစ်ဖြင့် ရုံးခန်းအမှတ် (၂) ၌ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေး၏ ရှေ့မှောက် ရာဇဝတ်ဆိုင်ရာ အမှု (၉) မှုနှင့် ပတ်သက်သည့် အကျိုးသက်ဆိုင်သူများနှင့် တရားလွှတ်တော်ရှေ့နေများက လည်းကောင်း၊ ရုံးခန်းအမှတ် (၃) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၏ ရှေ့မှောက် တရားမဆိုင်ရာ အမှု (၅) မှုနှင့် ပတ်သက်သည့် အကျိုးသက်ဆိုင်သူများနှင့် တရားလွှတ်တော်ရှေ့နေများက လည်းကောင်း အသီးသီး လျှောက်လဲချက်များ ပေးခဲ့ကြသည်။

Video Conferencing စနစ်ဖြင့် လျှောက်လဲချက်များ ကြားနာခြင်းကို Covid – 19 ကပ်ရောဂါ ကာလအတွင်း အမှုများ ကြန့်ကြာမှု မရှိစေရေးအတွက် အမှုနှင့်သက်ဆိုင်သူ ကာယကံရှင်များ၏ သဘောတူညီချက် ရယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။