ဥတ္တရခရိုင်တရားရုံး အဆောက်အဦ ပန္နက်တော်တင်တွင်းတော်ဝန်း မင်္ဂလာ အခမ်းအနား ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ဥတ္တရခရိုင်တရားရုံး အဆောက်အဦ ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ချင်းတွင်းလမ်းနှင့် ပုဗ္ဗသီရိမြို့နယ် တရားရုံးလမ်းထောင့်ရှိ အဆိုပါ အဆောက်အဦ တည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌  ယနေ့နံနက် (၀၈း၀၀) နာရီအချိန်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသည့် ဦးသာဌေး၊ ဦးမြင့်အောင်၊ ဦးအောင်ဇော်သိန်း၊ ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည်၊ ဦးမျိုးဝင်း တို့က သတ်မှတ်နေရာအသီးသီးတွင် နေရာယူကာ ပန္နက်တော်တင် တွင်းတော်ဝန်းပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပန္နက်တော်တင် တွင်းတော်ဝန်း အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ထုံးတမ်းအစဉ်အလာအတိုင်း ဆောင်ရွက်ပေးပြီး ရတနာ ရွှေမိုးငွေမိုး ရွာသွန်းပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အဆောက်အဦ ဆောက်လုပ်မည့် ပရဝုဏ်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

အဆိုပါ အဆောက်အဦကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၂၀၁၈-၂၀၂၂ (၅) နှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း၊တတိယနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၀) ၏ မဟာဗျူဟာလုပ်ငန်းနယ်ပယ်(၁)၊ မဟာဗျူဟာ ရည်မှန်းချက် ၁.၄၊ မဟာဗျူဟာ အစီအစဉ် ၁.၄.၁ နှင့်အညီ စီမံကိန်း ချမှတ်၍ ဦးစားပေး အဆင့် (၁) အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယင်းအဆောက်အဦမှာ အလျား (၂၀၀) ပေ၊ အနံ (၁၄၀) ပေရှိ သံကူကွန်ကရစ် (၂) ထပ် အဆောက်အဦဖြစ်ပြီး ဇွဲမာန်ဟုန်ကုမ္ပဏီက တာဝန်ယူတည်ဆောက်သွားမည် ဖြစ်ပါသည်။