ပြည်ထောင်စုတရားသူကြီးချုပ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်​ရောက်၍အမှာစကား​ပြောကြား

နေပြည်​တော်၊ ဒီဇင်ဘာ ၁၁

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်​နေ့ နံနက် ၁၀း၀၀ နာရီက နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်​ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ​နေပြည်​တော်၊ ပြည်​ထောင်စုတရားလွှတ်​တော်ချုပ်ရုံးမှ Video Conferencing ဖြင့် တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်​ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ​ပြောကြားခဲ့သည့် ​အမှာစကား ​အပြည့်အစုံမှာ---

"ယနေ့ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ခေတ္တ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အစိုးရဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး UNDP နှင့် UNODC တို့မှတာဝန်ရှိပုဂ္ဂိုလ်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ် နှစ်ဖြာ ချမ်းသာသုခနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ် ရေးအာဏာ၊ တရားစီရင်ရေးအာဏာ ဆိုတဲ့ နိုင်ငံတော် အာဏာ ၃ ရပ်မှာ တရားစီရင်ရေး အာဏာကို အပ်နှင်းခြင်းခံရတဲ့ တရားရုံးများ၊ တရားသူကြီးများအနေနဲ့ ပြည်သူများ ကြုံတွေ့ နေရတဲ့ မှုခင်းများကို တရားစီရင်ရေးလမ်းကြောင်းပေါ်မှ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်နဲ့ အဂတိတရားများ မလိုက်စားဘဲ ဖြေရှင်းပေးနိုင်မှသာလျှင် ပြည်သူများ၏ ယုံကြည် ကိုးစားမှုကို အပြည့်အဝရရှိမှာဖြစ်ပါတယ်။

တရားစီရင်ရေးစနစ်သည် မျှတပြီး ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် လွတ်လပ်စွာ ဆောင်ရွက်နိုင်မှသာ တရားစီရင်ရေးဆိုင်ရာ အခြေခံမူများကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှာဖြစ်ပြီး လူ့ဘောင်အဖွဲ့အစည်းအတွင်း တရားဥပဒေ စိုးမိုးနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်မှာ တရားစီရင်ရေး မဏ္ဍိုင် တည်တံ့ခိုင်မြဲ၍ တရားစီရင်ရေး၌ ဖြောင့်မတ်မှန်ကန်မှသာလျှင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဆိုတဲ့ အခြေခံအခွင့်အရေးများကို ပြည်သူများ ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့်လည်း "အားလုံးအတွက် တိုးတက်ကောင်း မွန်သော တရားမျှတမှုဆီသို့" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လူတိုင်းသို့ အရည်အသွေးမြင့် တရားမျှတမှုကို ဖြည့်ဆည်းပေးရန်နဲ့ တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနဲ့ ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန် ရည်မှန်းချက်ထားရှိပြီး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ ပြည်သူအများ ယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ် ပေါ်ထွန်းရေး၊ အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့် မြန်မြန် စီရင်ဆုံးဖြတ်ရေး၊ တရားရုံးများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေး ဟူသည့် တရားစီရင်ရေး လုပ်ငန်းတာဝန်များကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

ပြည်သူအများအနေနဲ့ တရားစီရင်ရေးစနစ်အပေါ် ယုံကြည်ကိုးစားလာစေရန်နှင့် ယုံကြည် ကိုးစားမှုကို တိုးမြှင့်လာစေရန်အတွက် တရားသူကြီးများသည် တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့်သော် လည်းကောင်း တရားရုံးဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် လွတ်လပ်မှု၊ သာတူညီမျှရှိမှု၊ စွမ်းဆောင်ရည်နှင့် လုံ့လဝီရိယရှိမှု၊ သမာသမတ်ကျမှု၊ ဖြောင့်မတ် တည်ကြည်မှု၊ ဂုဏ်သိက္ခာရှိမှုစတဲ့ တရားစီရင်ရေးကျင့်ဝတ်များကို လေးစားလိုက်နာ စောင့်ထိန်းကြရမှာ ဖြစ်ပါတယ်။ တရားစီရင်ရေးနှင့် ဆက်စပ်လျက်ရှိတဲ့ တရားစွဲအဖွဲ့ အစည်းများ၊ ဥပဒေ အရာရှိများ၊ ရှေ့နေရှေ့ရပ်များကလည်း မိမိတို့စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်များကို လေးစားလိုက်နာ စောင့်ထိန်းကြဖို့ လိုမှာဖြစ်ပါတယ်။ သို့မှသာ တရားစီရင်ရေး ကဏ္ဍနှင့် ဆက်စပ်ပါဝင်သူအားလုံး က တရားစီရင်ရေးအပေါ် ပိုမိုနားလည်လာပြီး လိုအပ်သော ပံ့ပိုးမှုများ ပြုခြင်းဖြင့် တရားစီရင်ရေးအပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု၊ နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှု၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုတို့ကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီ ဆောင်ရွက်ရာ ရောက်မှာဖြစ်ပါတယ်။

နိုင်ငံတော်မှာ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိမှသာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း ဆိုတဲ့ လောကပါလတရားများ ထွန်းကားမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့ အစည်းတစ်ရပ်မှာ တရားစီရင်ရေး ကဏ္ဍသည် တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်နိုင်ရန်နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အတွက်သာမက ချိုးဖောက်ခံရဖွယ်ရှိတဲ့ ကိစ္စများအတွက် ထိရောက်တဲ့ သက်သာခွင့်နဲ့ အကာအကွယ်များကို ပေးနိုင်ဖို့ လွန်စွာ အရေးကြီးလှပါသည်။ ဒါကြောင့် တရားစီရင်ရေးကဏ္ဍသည် လွတ်လပ်ရမည်၊ သမာသမတ်ကျရမည်။ တာဝန်ခံနိုင်ရမှာဖြစ်ပြီး ယင်းသို့ဆောင်ရွက်နေကြောင်းကို မြင်သာစေရမှာ ဖြစ်ပါတယ်။ ။

တရားစီရင်ရေးလုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာ၍ တာဝန်ခံနိုင်မှု ရှိစေရန်၊ တရားရုံးများ၏ လုပ်ငန်းဆောင်တာများအပေါ် ယထာဘူတကျကျ အကဲဖြတ်နိုင်စေရန်၊ တရားရုံးများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်နှင့် တရားစီရင်ရေး ကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို အများသိရှိလာစေရန်ရည်ရွယ်၍ တရားရုံးနှစ်စဉ် အစီရင်ခံစာများကို ထုတ်ပြန် ဆောင်ရွက်ခဲ့ခြင်းဖြင့် တရားရုံးလုပ်ငန်း ဆောင်ရွက်ချက်များကို တရားစီရင်ရေးကဏ္ဍနှင့် ပတ်သက်နေသူများ သာမက အများပြည်သူကပါ ပွင့်လင်းမြင်သာစွာ သိရှိ နားလည်ခွင့် ရရှိလာခြင်းသည် တရားစီရင်ရေးဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုကို ဖော်ပြနေခြင်းပင်ဖြစ်ပါတယ်။

တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းတာဝန် ထမ်းဆောင်ရာမှာ လွတ်လပ်မှု၊ သမာသမတ်ကျမှု၊ ဖြောင့်မတ်တည်ကြည်မှု တို့သည် မရှိမဖြစ် လိုအပ်ပြီး သာတူညီမျှမှု၊ စွမ်းဆောင်ရည်နှင့် လုံ့လဝီရိယရှိမှု၊ ဂုဏ်သိက္ခာရှိမှု တို့ဟာလည်း အရေးပါလှပါတယ်။ နိုင်ငံတစ်ခု၏ တရားစီရင်ရေး စနစ်ကို ဆက်လက်တည်မြဲစေတဲ့အရာမှာ တရားရုံးများ၏ လွတ်လပ်မှု၊ တရားရုံးများမှ တရားသူကြီးများ၏ ဖြောင့်မတ်တည်ကြည်မှု၊ တရားရုံးများ၏ လုပ်ငန်းစဉ်များ သမာသမတ်ကျမှုနှင့် ထိရောက်မှုတို့ကို အများပြည်သူက ယုံကြည်ကိုးစားမှု ရှိခြင်းပင် ဖြစ်ပါတယ်။ တရားစီရင် ရေးဆိုင်ရာ အဂတိလိုက်စားမှုသည် တရားစီရင်ရေး အဖွဲ့ အစည်း၏ လွတ်လပ်မှု၊ သမာသမတ် ကျမှုနှင့် ဖြောင့်မတ် တည်ကြည် မှုဆိုင်ရာ မူများကို ပျက်ယွင်းစေတဲ့အပြင်၊ တရားစီရင် တရားမျှတမှုစနစ် တစ်ရပ်လုံးအပေါ်လည်း အများပြည်သူ ၏ယုံကြည်ကိုးစားမှုကို ကျဆင်းစေပါတယ်။

နိဂုံးချုပ်အနေနဲ့ တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများ တိုးတက်ကောင်းမွန်ဖို့အတွက် တရားရုံးအဆင့်ဆင့်ရဲ့ အမှုစစ်ဆေးစီရင်မှုများ အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်နိုင်မှု၊ မှန်ကန်မှု၊ မျှတမှု၊ ဘက်မလိုက်မှု၊ အဂတိတရား ကင်းစင်မှုတို့ဟာ အဓိကကျပါတယ်။ သို့အတွက် တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန် တည်တံ့ခိုင်မြဲရေး၊ ဘက်လိုက်မှု ကင်းသည့် တရားစီရင်ရေး၊ အဂတိတရား ကင်းစင်သည့် တရားစီရင်ရေး၊ ပြည်သူများ ယုံကြည်အားကိုးသည့် တရားစီရင်ရေး ဖြစ်ထွန်းရေးအတွက် တရားစီရင်ရေးကဏ္ဍမှာ တာဝန် ထမ်းဆောင်နေကြတဲ့ တရားသူကြီးများ၊ တရားရုံးများ၊ တရားစီရင်ရေးကဏ္ဍနှင့် ဆက်စပ်တဲ့ တရားစွဲအဖွဲ့အစည်းများ၊ ဥပဒေအရာရှိများ၊ ရှေ့နေရှေ့ရပ်များ၊ ပြည်သူများနဲ့ သတင်းမီဒီယာများက ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။"