ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးအောင်ဇော်သိန်း ပတ်ဝန်းကျင် ပြောင်းလဲခြင်းဆိုင်ရာ အာရှ - ပစိဖိတ် တရားရေးညီလာခံသို့ တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ ၉

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးအောင်ဇော်သိန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် “ပတ်ဝန်းကျင် ပြောင်းလဲခြင်းဆိုင်ရာ အာရှ - ပစိဖိတ် တရားရေးညီလာခံ၊ ကိုဗစ် - ၁၉ ကာလအတွင်း တရားစီရင်ရေး” (Asia – Pacific Judicial Conference on Climate Change: Adjudication in the Time of COVID – 19) သို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။

အဆိုပါ တရားရေးညီလာခံကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကမ္ဘာ့ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ် (UNEP) နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာရှ တရားသူကြီးများ ကွန်ယက် (AJNE) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ညီလာခံတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အာရှနှင့် ပစိဖိတ် ဒေသတွင်း တရားစီရင်ရေးဆိုင်ရာ အကြောင်းအရာများ၊ ကိုဗစ် - ၁၉ ကာလအတွင်း သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မှုခင်းများ စစ်ဆေးစီရင်ခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် တရားစီရင်ရေးဆိုင်ရာ အရည်အသွေး တည်ဆောက်ရေး၊ တောင့်တင်းခိုင်မာပြီး တာဝန်ရှိကာ ရေရှည်တည်တံ့သည့် နည်းလမ်းများဖြင့် ကိုဗစ် - ၁၉ ဘေးမှ ပြန်လည်ရှင်သန်ရေး စသည့် ခေါင်းစဉ်များဖြင့် အာရှနှင့် ပစိဖိတ်ဒေသတွင်းမှ တရားသူကြီးချုပ်များ၊ တရားရေးအကြီးအကဲများ၊ တက္ကသိုလ်မှ ပါမောက္ခများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ နိုင်ငံတကာပညာရှင်များက ပါဝင်ဆွေးနွေးကြမည် ဖြစ်သည်။

ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် သုံးရက်တာ ကျင်းပပြုလုပ်မည့် အဆိုပါ တရားရေးညီလာခံသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးအောင်ဇော်သိန်းနှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် သုတေသနဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးတို့က ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ တာဝန်ရှိသူများကလည်း လေ့လာသူများအဖြစ် ပါဝင်တက်ရောက်ကြသည်။