နေပြည်တော်၊ ဒီဇင်ဘာ ၁
နှစ်စဉ်ထုတ်ပြန်လျက်ရှိသော တရားစီရင်ထုံးများပါ အကြောင်းအရာ/ အချက်အလက် များကို အများပြည်သူ၊ ရှေ့နေများနှင့် ဥပဒေပညာရပ် လေ့လာသူများအနေဖြင့် ပိုမိုထိ ရောက်လွယ်ကူစွာ ရှာဖွေအသုံးပြုနိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အစီအစဉ်ဖြင့် တရားစီရင်ထုံးအချက်အလက်ရှာဖွေခြင်းစနစ်အား ပထမအဆင့်အနေဖြင့် ရေးဆွဲအကောင်အထည်ဖော်ခဲ့ပါသည်။
တရားစီရင်ထုံးအချက်အလက်ရှာဖွေခြင်းစနစ်၌ လေ့လာသိရှိကိုးကားလိုသော စီရင်ထုံးအကြောင်းအရာများကို အမှုအမျိုးအစား၊ ထုတ်ဝေသည့်ခုနှစ်၊ စာမျက်နှာနံပါတ်၊ အမှုအသေးစိတ်အမျိုးအစား၊ စီရင်ထုံးအမည်၊ တရားသူကြီးအမည်၊ စီရင်ချက်ချမှတ်ခဲ့သည့် ရက်စွဲ စသည့် Key Word များဖြင့် လျင်မြန်လွယ်ကူစွာ အသေးစိတ်ရှာဖွေနိုင်မည်ဖြစ်သည်။ ထို့အပြင် တရားရုံးများလက်စွဲ(Burmese Court Manual) စာအုပ်ပါ အချက်အလက်များ အား မာတိကာခေါင်းစဉ်၊ စာပိုဒ်နံပါတ် စသည်တို့ဖြင့် ရှာဖွေလေ့လာနိုင်ရန်အတွက်လည်း ကဏ္ဍတစ်ခုအနေဖြင့် ထည့်သွင်းဖော်ပြထားပါသည်။
တရားစီရင်ထုံးအချက်အလက်ရှာဖွေခြင်းစနစ်အား URL Address: rcms.usc.gov.mm ဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏ Website: www.unionsupremecourt.gov.mm မှတစ်ဆင့်သော်လည်းကောင်း ဝင်ရောက် ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။
လက်ရှိ တရားစီရင်ထုံးအချက်အလက်ရှာဖွေခြင်းစနစ်တွင် “၁၉၄၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တရားစီရင်ထုံးများကို ရှာဖွေလေ့လာနိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စီရင်ချက်များကို လွှင့်တင်ဖော်ပြနိုင်ရေးနှင့် Mobile Application ဖြင့် အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးကြေငြာအပ်ပါသည်။