နေပြည်တော်၊ အောက်တိုဘာ ၃၁
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ စတုတ္ထနှစ်မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆) ၏ မဟာဗျူဟာလုပ်ငန်း နယ်ပယ်(၄)၊ မဟာဗျူဟာအစီအစဉ် (၄.၂) ရှိ ဥပဒေရေးရာသုတေသနစွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် မူပိုင်ခွင့်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ (Research Paper Presentation on Intellectual Property Rights)အခမ်းအနားကို ယနေ့ မွန်းလွဲ ၁၃:၀၀ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ Judicial College ၌ ပူးတွဲစနစ် (In person/ Virtual) ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ အမှာစကားပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်စေးစေးဝါးဖိုးက “Strengthening Online Platform Responsibility for Trademark Protection in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တရားရုံးမှ တွဲဖက်မြို့နယ်တရားသူကြီး ဒေါက်တာဇင်သူဝင်းက “Trademark Dilution in the Digital Age” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တရားရုံးမှ မြို့နယ် တရားသူကြီး ဦးမျိုးသိန်းဦးက “Author's Right Protection in Myanmar” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တရားရုံးမှ ဒုတိယမြို့နယ်တရားသူကြီး ဒေါ်ကောင်းမြတ်နေခြည်ထူးက “Legal Protection of Moral Rights under Copyright Law in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း သုတေသနစာတမ်းများ အသီးသီးဖတ်ကြားခဲ့ကြသည်။
စာတမ်းဖတ်ပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များမှ တရားသူကြီးချုပ်များနှင့် တရားလွှတ်တော်တရားသူကြီး များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများ နှင့် တရားရေးအရာရှိများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များမှ တရားရေး အရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတရားရုံးများ၊ ခရိုင်တရားရုံးများမှ တရားသူကြီးများ တက်ရောက်ခဲ့ကြပြီး လူကိုယ်တိုင်တက်ရောက်သူ(၁၄၀) ဦး၊ အွန်လိုင်းဖြင့် တက်ရောက်သူ (၃၄၅) ဦး၊ စုစုပေါင်း တရားသူကြီးနှင့်တရားရေးအရာရှိ (၄၈၅) ဦး တက်ရောက်ခဲ့ကြသည်။

