ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့်အိန္ဒိယနိုင်ငံ ၊ အမျိုးသားတရားစီရင်ရေး အကယ်ဒမီတို့အကြားရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအရ “တရားသူကြီး များနှင့်တရားရေးအရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းအစီအစဉ်”သို့ နဝမအကြိမ်အဖြစ် သင်တန်းသား (၄၀)ဦးစေလွှတ်ခြင်း

နေပြည်တော်| အောက်တိုဘာ ၂၄ 

အိန္ဒိယနိုင်ငံ၊ မတ်ဒရာပရာဒက်ရှ်ပြည်နယ်၊ ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေး အကယ်ဒမီ (National Judicial Academy-NJA) တွင်၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ နဝမအကြိမ်မြောက်အဖြစ်ဖွင့်လှစ်မည့် “တရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းအစီအစဉ်” သို့တက်ရောက် ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် တရားရုံးအဆင့်ဆင့်ရှိ ခရိုင်အဆင့် နှင့် မြို့နယ်အဆင့် တရားသူကြီးများ၊ တရားရေးအရာရှိများ ပါ၀င်သည့် သင်တန်းသား (၄၀) ဦး သည် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့၊ ၀၆:၃၀ နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသည်။

သင်တန်းသားများသည်အဆိုပါသင်တန်း၌ အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ၊ အိန္ဒိယနိုင်ငံတရားစီရင်ရေးစနစ်၊ တရားသူကြီးကျင့်ဝတ်၊ စီရင်ချက်ရေးသားခြင်း၊ တရားရုံး စီမံခန့်ခွဲမှု၊ သက်သေခံဥပဒေ၊ တရားမနှင့်ရာဇဝတ်မှုများ စစ်ဆေးစီရင်ရာတွင်မှုခင်းဆေး ပညာ၊ သဘာဝပတ်ဝန်းကျင်နှင့်တောရိုင်းတိရိစ္ဆာန်အကာအကွယ်ပေးရာတွင် တရားစီရင်ရေး ကဏ္ဍ၊ အခြားသောနည်းလမ်းဖြင့် အငြင်းပွားမှုဖြေရှင်းခြင်း၊ ရာဇဝတ်မှုခင်းများ စီမံခန့်ခွဲခြင်း၊ အီလက်ထရောနစ်နည်းလမ်းဖြင့် ကျူးလွန်သည့် ပြစ်မှုများနှင့် ဉာဏ်ရည်တုနည်းပညာနှင့် တရားစီရင်ရေးဆိုင်ရာကြီးကြပ်မှုတို့ကို လေ့လာသင်ယူခွင့်ရရှိကြမည့်အပြင်၊ လေ့လာရေး ခရီးအဖြစ် အိန္ဒိယနိုင်ငံ၊ ဘိုပါးမြို့ရှိတရားရုံးများ၊ ယဉ်ကျေးမှုပြတိုက်၊ တိုင်းရင်းသားများပြ တိုက်၊ လှေလှော်အသင်းနှင့် ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပုထိုးတော် ကြီး တည်ရှိရာနေရာ ဘိုပါး၊ ဆန်းချီမြို့သို့ လည်းကောင်းသွားရောက် လေ့လာခွင့်ရရှိမည်ဖြစ် သည်။

အဆိုပါ သင်တန်းအစီအစဉ်သည် ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေးအကယ်ဒမီတို့အကြား ၂၀၁၈ ခုနှစ် တွင်လက်မှတ်ရေးထိုးထား သည့် မြန်မာနိုင်ငံမှတရားသူကြီးများနှင့် တရားရေးအရာရှိများအားအိန္ဒိယနိုင်ငံသို့စေလွှတ်၍ သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာအရ စေလွှတ် ခြင်းဖြစ်ပြီး၊ ယခု နဝမအကြိမ်မြောက်သင်တန်းအပါအဝင်စုစုပေါင်းသင်တန်းသား ၃၆၀ ဦး စေလွှတ်ခဲ့ပြီးဖြစ်သည်။