နေပြည်တော်၊ အောက်တိုဘာ ၁၃
ဗီယက်နမ်နိုင်ငံ၊ တရားသူကြီးချုပ်၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သည့် “(၄) ကြိမ်မြောက် အာဆီယံ -တရုတ် တရားစီရင်ရေးဖိုရမ်” သို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
(၄) ကြိမ်မြောက် အာဆီယံ-တရုတ်တရားစီရင်ရေးဖိုရမ်
အဆိုပါဖိုရမ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့တရားလွှတ်တော်ချုပ်တို့အကြား တရားစီရင်ရေးလုပ်ငန်းများကို တိုက်ရိုက်ဆွေးနွေးနိုင်မည့် အဆင့်မြင့်ယန္တရားတစ်ခုဖြစ်သည်။ ၎င်းဖိုရမ်ကို ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၂၂ ခုနှစ်တွင် တတိယအကြိမ်အဖြစ် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ၏ တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များတွင် အာဆီယံ-တရုတ်နိုင်ငံတို့နှင့် တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်လျက်ရှိရာ ဤဖိုရမ်သို့ တက်ရောက်ခြင်းဖြင့် ဒေသတွင်းရှိ တရားသူကြီးချုပ်များ၊ တရားစီရင်ရေးအကြီးအကဲများနှင့် အမြင်ချင်းဖလှယ်ပြီး မိမိတို့နှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့သည်။
တရားစီရင်ရေးဖိုရမ်တက်ရောက်ခြင်း
(၄) ကြိမ်မြောက် အာဆီယံ-တရုတ် တရားစီရင်ရေးဖိုရမ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့ပြီး၊ နိုင်ငံ ၁၂ နိုင်ငံမှ တရားစီရင်ရေးအကြီးအကဲများ၊ တရားသူကြီးများ၊ တရားစီရင်ရေးဆိုင်ရာအဆင့်မြင့်အရာရှိများ စုစုပေါင်း ၉၀ ဦး တက်ရောက်ခဲ့ကြသည်။ အဆိုပါ ဖိုရမ်တွင် ဒစ်ဂျစ်တယ်ခေတ်၌ ရာဇဝတ်မှုများ၊ နယ်စပ်ဖြတ်ကျော် တရားမမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာအငြင်းပွားမှုများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများ၊ တရားရုံးလုပ်ငန်းစဉ် များကို ဒီဂျစ်တယ်စနစ်ဖြင့်ဆောင်ရွက်နိုင်ရန် နည်းလမ်းများနှင့် အနာဂတ်တရားစီရင်ရေးကဏ္ဍ တို့၌ AI အသုံးပြုနည်းဆိုင်ရာ အတွေ့အကြုံများကို စာတမ်းများဖတ်ကြားဆွေးနွေးကြပြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာလီစံက “Strengthening Judicial Cooperation Against Cybercrime & Cross-Border Civil and Commercial Disputes in the Digital Era: Myanmar’s Perspective” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြား ဆွေးနွေးခဲ့သည်။
နှစ်နိုင်ငံတွေ့ဆုံပွဲတက်ရောက်ခြင်း
အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် ဗီယက်နမ်နိုင်ငံ တရားသူကြီးချုပ်ဖြစ်သူ H.E. Mr. Nguyen Van Quang နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန်အတွက် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ (Bilateral Meeting) ကို ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် မကြာသေးမီက မြန်မာနိုင်ငံသမ္မတ၏ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်အပြီး နှစ်နိုင်ငံအကြားပိုမိုတိုးတက်လာမည့် မဟာဗျူဟာမြောက်မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ တရားစီရင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အဆင့်မြှင့်တင်ရန် အလေးထားဆွေးနွေးခဲ့သည်။ တရားသူကြီးချုပ်တို့သည် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် စီးပွားရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံသူများအတွက် ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရေး၊ နှစ်နိုင်ငံအကြား တရားခံလွှဲပြောင်းခြင်း ဆိုင်ရာကိစ္စရပ်တွင်ပူးပေါင်းဆောင်ရွက်ရေး၊ တရားမမှုများနှင့်ရာဇဝတ်မှုများတွင် တရားစီရင်ရေးဆိုင်ရာ အပြန်အလှန်အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ထို့အပြင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှစ်နိုင်ငံတရားသူကြီးများနှင့် တရားရေးအရာရှိများအကြား လေ့လာရေးခရီးစဉ်များ (Study Visits)၊ တရားခွင်လေ့လာရေးအစီအစဉ်များ (Court Attachment Programmes) နှင့် တရားစီရင်ရေးဆိုင်ရာသင်တန်းများ (Judicial Training Programmes) မှတစ်ဆင့် အပြန်အလှန်အတွေ့အကြုံများဖလှယ်နိုင်မည့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်။
ယခုကဲ့သို့တွေ့ဆုံမှုသည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍပိုမိုခိုင်မာလာစေရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်လာမည်ဖြစ်သည်။
ကြိုဆိုဧည့်ခံပွဲနှင့်ညစာစားပွဲသို့တက်ရောက်ခြင်း
အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းတွင် ဒါနန်းမြို့ရှိ Ariyana Convention Centre ၌ ကျင်းပခဲ့သည့် “(၄) ကြိမ်မြောက် အာဆီယံ-တရုတ် တရားစီရင်ရေးဖိုရမ်”သို့ တက်ရောက် လာသည့် နိုင်ငံအသီးသီးမှ ဧည့်သည်တော်များအား ဗီယက်နမ်နိုင်ငံ တရားသူကြီးချုပ်ဖြစ်သူ H.E. Mr. Nguyen Van Quang က တည်ခင်းသည့် ကြိုဆိုဧည့်ခံပွဲသို့လည်းကောင်း၊ အောက်တိုဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် ဒါနန်းမြို့ Furama ဟိုတယ်၌ ဒါနန်းပါတီကော်မတီအတွင်းရေးမှူး၊ ပါတီဗဟိုကော်မတီအဖွဲ့ဝင်ဖြစ်သူ H.E Le Ngoc Quang ကတည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့လည်းကောင်း ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုတရားသူကြီးချုပ်သည် ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ရှိ သမိုင်းဝင်နေရာတစ်ခုဖြစ်သည့် Ba Na Hills သို့ သွားရောက်လေ့လာခဲ့သည်။
အဆိုပါဖိုရမ်သို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

