နေပြည်တော်၊ စက်တင်ဘာ ၂၀
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ Grand Hyatt Seoul ဟိုတယ်တွင် ကိုရီးယားသမ္မတနိုင်ငံတရားလွှတ်တော်ချုပ်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များ ညီလာခံသို့ ကိုရီးယားသမ္မတနိုင်ငံ၊ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် The Hon. JO Hee-de ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ တက်ရောက်ခဲ့သည်။
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံ
အဆိုပါညီလာခံသည် အာရှ-ပစိဖိတ်ဒေသ၏ တရားစီရင်ရေးမဏ္ဍိုင်အကြီးအကဲများ စုစည်းတွေ့ဆုံ၍ နိုင်ငံအသီးသီး၏ တရားစီရင်ရေးစနစ်များနှင့် တရားစီရင်ရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမြင်များကို ဖလှယ်ခြင်းဖြင့် အပြန်အလှန် နားလည်မှုကို မြှင့်တင်ရန်၊ ဒေသတွင်းငြိမ်းချမ်းရေး ထိန်းသိမ်းရေးအတွက် အထောက်အကူပြုစေရန်နှင့် ဒေသတွင်းနိုင်ငံများအကြား တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် လက်တွေ့ကျသောနည်းလမ်းများကို ဖော်ထုတ်နိုင်စေရန် ရည်ရွယ်လျက် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။
မလေးရှားနိုင်ငံ၊ ပီနန်မြို့၌ ပထမအကြိမ်အစည်းအဝေးအဖြစ် ၁၉၈၅ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် အချိန်မှစ၍ အာရှ-ပစိဖိတ်ဒေသအတွင်း တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၏ ခိုင်မာသော အခြေခံအုတ်မြစ်တစ်ရပ်အဖြစ် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
ကိုရီးယားနိုင်ငံတရားလွှတ်တော်ချုပ်သည် ယခင်က ၁၉၉၉ ခုနှစ်တွင် (၈)ကြိမ်မြောက် အစည်း အဝေးနှင့် ၂၀၁၁ ခုနှစ်တွင် (၁၄) ကြိမ်မြောက်အစည်းအဝေးတို့ကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပခဲ့ပြီး ယခုတစ်ဖန် ဤနိုင်ငံတကာအစည်းအဝေးကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ရာ ဆိုးလ်မြို့သည် (၃)ကြိမ်မြောက် အိမ်ရှင်အဖြစ် ကျင်းပခဲ့သော ပထမဆုံးမြို့ဖြစ်လာခဲ့ ပြီး နိုင်ငံတကာအစည်းအဝေးများ၏ သမိုင်းတွင် မှတ်တိုင်သစ်တစ်ရပ်ကို စိုက်ထူနိုင်ခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးတက်ရောက်ခြင်း
“(၂၀)ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များ ညီလာခံ”ကို ကိုရီးယား သမ္မတနိုင်ငံ တရားလွှတ်တော်ချုပ်နှင့် LAWASIA တို့ပူးပေါင်း၍ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ Grand Hyatt Seoul ဟိုတယ်တွင် ကျင်းပခဲ့ရာ နိုင်ငံတကာမှ တရားစီရင်ရေး နယ်ပယ်ပေါင်း(၄၀)ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း (၁၃) ဖွဲ့တို့မှ တရားသူကြီးချုပ်များ အပါအဝင် ကိုယ်စားလှယ်(၂၅၀) ခန့် တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာကြသော တရားသူကြီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့များက တရား စီရင်ရေးနှင့် ဆက်နွယ်သော ဘာသာရပ်များကို ဆွေးနွေးကြသည်။ မြန်မာနိုင်ငံ၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် အာရှနှင့်ပစိဖိတ်ဒေသနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု များလည်း ပါဝင်လျက်ရှိရာ ဤညီလာခံသို့ တက်ရောက်ခြင်းဖြင့် ဒေသတွင်းရှိ တရားသူကြီးချုပ် များ၊ တရားစီရင်ရေးအကြီးအကဲများနှင့် တရားစီရင်ရေးဆိုင်ရာ အကြောင်းအရာများ ဖြစ်သည့် တရားစီရင်ရေးတွင် ဉာဏ်ရည်တုနည်းပညာ(AI) အသုံးပြုမှု၊ တရားစီရင်ရေးဆိုင်ရာ ပညာရေး၏ အရေးပါပုံ၊ မီဒီယာနှင့် ထိတွေ့ဆက်ဆံခြင်း၊ တရားစီရင်ရေးအပေါ် ပြည်သူလူထု၏ ယုံကြည်မှု မြှင့်တင်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းနှင့် တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုကို ကာကွယ် ခြင်း စသည့်အကြောင်းအရာများကို အမြင်ချင်းဖလှယ်ပြီး မိမိတို့၏ သက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့သည်။
အဆိုပါ အစီအစဉ်များအပြင် ညီလာခံကာလအတွင်း ၁၆-၉-၂၀၂၆ ရက်နေ့တွင် UNCITRAL တည် ထောင်ခြင်းနှစ်(၆၀)ပြည့်အထိမ်းအမှတ် ညီလာခံနှင့် LAWASIA မျက်နှာစုံညီအစည်းအဝေး၊ OECD နံနက်စာအစီအစဉ်၊ SIFOCC နှင့် SIFOCC ပံ့ပိုးကူညီရေးအဖွဲ့၏ မွန်းလွဲပိုင်းအစီအစဉ်နှင့် ၁၈-၉-၂၀၂၆ ရက်နေ့တွင် UNIDROIT တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် Networking Breakfast အစီအစဉ်တို့ကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
တရားသူကြီးချုပ်သည် ညီလာခံတက်ရောက်စဉ်ကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံ တရားလွှတ်တော်ချုပ်၏ ကွန်ပျူတာနှင့် သတင်းအချက်အလက်စင်တာသို့လည်းကောင်း၊ သမိုင်းဝင်နေရာတစ်ခုဖြစ်သည့် ကိုရီးယားစစ်ပွဲအထိမ်းအမှတ်ပြတိုက်(War Memorial of Korea)သို့လည်းကောင်း သွားရောက်လေ့လာခဲ့ပါသည်။
အဆိုပါညီလာခံသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူ(၁)ဦး ပါဝင်တက်ရောက်ခဲ့သည်။

