နေပြည်တော်၊ စက်တင်ဘာ ၁၉
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနက ခရိုင်နှင့်မြို့နယ်အဆင့် တရားသူကြီးများ/ တရားရေးအရာရှိများအတွက် မူပိုင်ခွင့်ဥပဒေများဆိုင်ရာသင်တန်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၁၉ ရက် (စနေနေ့)၊ နံနက် ၀၉: ၀၀ နာရီတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမ၌ ပူးတွဲစနစ် (In Person & Online) ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းတွင် ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင်က “မူပိုင်ခွင့်ဥပဒေအရစွဲဆိုမှုများစစ်ဆေးစီရင်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ” ကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်ငြိမ်းက “မူပိုင်ခွင့်တရားရုံးများ၏စီရင်ပိုင်ခွင့်အာဏာများ” ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးသီရိခိုင်က “စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာသိမှတ်ဖွယ်ရာများ” ကိုလည်းကောင်း၊ ဟင်္သာတခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး ဒေါ်ယင်းမာက “ထင်ရှားကျော်ကြားသော ကုန်အမှတ်တံဆိပ်များနှင့် ၎င်းတို့၏အကာအကွယ်များ” ကိုလည်းကောင်း၊ ကျောက်တံတားခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး ဒေါက်တာဝင်းဝင်းမာက “Legal Protection for Unregistered Trademark” ကို လည်းကောင်း အသီးသီးဆွေးနွေးပို့ချခဲ့ကြသည်။
သင်တန်းသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာန၊ ညွှန်ကြားရေးမှူးအပါအဝင် တရားရေးအရာရှိ (၁၀) ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်အသီးသီးမှ တရားရေးဦးစီးမှူးများ၊ တရားသူကြီးများ/ တရားရေးအရာရှိများ (၆၈၄) ဦး၊ စုစုပေါင်း (၆၉၄) ဦးတို့ တက်ရောက်ကြသည်။

