တရားစီရင်ရေးနှင့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၆) ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ  ၁၆

ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားရေး ဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများ၏ တရားစီရင်ရေးနှင့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၆) ကို  ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် ၀၈:၃၀ နာရီအချိန်၌ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့်ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ အစီအစဉ်ပထမပိုင်း၌ လက်ရှိတရားစီရင်ရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဥ်း၍ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်တရား‌ရေးဦးစီးမှူးများက ဆွေးနွေးကြသည်။

အစီအစဉ်ဒုတိယပိုင်း၌ တိုင်းဒေသကြီး/ ပြည်နယ်တရား‌ရေးဦးစီးမှူးများက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း တရားရုံးအဆင့်ဆင့်၏ စေ့စပ်ဖြေရှင်းရေးဆိုင်ရာ တရားမမှုခင်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များရှိ စေ့စပ်ဖြေရှင်းရေးတာဝန်ခံအရာရှိများက စေ့စပ်ဖြေရှင်းရေးဌာန၏ ဆောင်ရွက်ချက်များကို လည်းကောင်းတင်ပြသည်။ ညွှန်ကြား‌ရေးမှူးချုပ်နှင့်အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာန ညွှန်ကြား‌ရေးမှူးတို့က တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းအစည်းအဝေးကို ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးများ အပါအဝင် (၁၆) ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေး ဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးဌာနအသီးသီးမှ ဌာနတာဝန်ခံများ၊ စေ့စပ်ဖြေရှင်းရေးအရာရှိ များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ခရိုင်တရားသူကြီးများနှင့် ခရိုင်အဆင့်တရားသူကြီးများ စုစုပေါင်း (၄၁၇) ဦး တက်ရောက်သည်။