နေပြည်တော်၊ ဇူလိုင် ၂၄
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံတရားလွှတ်တော်ချုပ် တရားသူကြီးချုပ် The Hon. Adisak Tantiwong ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပသည့် “(၁၃) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီအစည်းအဝေး” သို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတက်ရောက်ကြသူများ
အာဆီယံတရားသူကြီးချုပ်များကောင်စီအစည်းအဝေးသည် ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့သော အစည်းအဝေးဖြစ်ပြီး၊ အဆိုပါအစည်းအဝေးသို့ အာဆီယံနိုင်ငံအသီးသီးမှ တရားသူကြီးချုပ်များနှင့် တရားစီရင်ရေးဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
(၁၃) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီအစည်းအဝေး
ပြည်ထောင်စုတရားသူကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ တရားလွှတ်တော်ချုပ်မှ ကြီးမှူး၍ InterContinental Bangkok တွင် ကျင်းပပြုလုပ်သည့် (၁၃) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးသို့တက်ရောက်သည်။ အစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက အခြားအာဆီယံတရားသူကြီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ၏ အာဆီယံတရားရေးပေါ်တယ် (ASEAN Judiciaries Portal) လုပ်ငန်းအဖွဲ့ ၊ တရားမမှုခင်းများဆိုင်ရာ (Civil Proceedings) လုပ်ငန်းအဖွဲ့၊ မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးနည်းပညာဆိုင်ရာ (Case Management and Court Technology) လုပ်ငန်းအဖွဲ့ ၊ တရားစီရင်ရေးဆိုင်ရာလေ့ကျင့်ရေးနှင့် သင်ကြားရေးဆိုင်ရာ (Judicial Training and Education) လုပ်ငန်းအဖွဲ့၊ နိုင်ငံဖြတ်ကျော်ဖြစ်ပွားသည့် မိသားစုမှုခင်းဆိုင်ရာ ကလေးသူငယ်အငြင်းပွားမှုများဖြေရှင်းရေး (Cross-Border Disputes Involving Children) လုပ်ငန်းအဖွဲ့၊ ဗီဒီယိုကွန်ဖရင့်ဖြင့် အမှုကြားနာစစ်ဆေးခြင်းဆိုင်ရာ (Conduct of Video Conferencing Hearings) လုပ်ငန်းအဖွဲ့၊ အာဆီယံနှင့် အခြားမိတ်ဖက်နိုင်ငံများ တွေ့ဆုံဆွေးနွေးမှုပြုခြင်းဆိုင်ရာ (ASEAN + Meetings) လုပ်ငန်းအဖွဲ့နှင့် ရာသီဥတုဆိုင်ရာ တရားမျှတမှု (Climate Justice) လုပ်ငန်းအဖွဲ့တို့က ဆောင်ရွက်ပြီးလုပ်ငန်းများ၊ ရရှိသည့် အောင်မြင်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အဆိုပြုချက်များနှင့်စပ်လျဉ်းသည့် အစီရင်ခံစာများကို အာဆီယံတရားသူကြီးချုပ်များကောင်စီသို့ တင်ပြအတည်ပြုချက် ရယူကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက မြန်မာနိုင်ငံတရားစီရင်ရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများအား ပါဝင်ဆွေးနွေး ခဲ့သည်။
အစည်းအဝေးအပြီးတွင် (၁၃) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များ ကောင်စီအစည်းအဝေးရလဒ်ဖြစ်သည့် ဗန်ကောက်ကြေညာစာတမ်းကို အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အားလုံး ပါဝင်လက်မှတ်ရေးထိုး၍ ထုတ်ပြန်ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြသည်။

