ပြည်‌ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၁၄

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ Judicial College ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက အမှာစကား ပြောကြားရာတွင် အမှုအခင်းများကို ဥပဒေနှင့်အညီမှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ရေးသည် တရားစီရင်ရေး၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူအပေါ် အပြစ်မပေးဘဲအမှုမှလွှတ်ခြင်း၊ ပြစ်မှုနှင့်လျော်ညီသည့် ပြစ်ဒဏ်ချမှတ်မှုမရှိခြင်း၊ အပြစ်မရှိသူအပေါ်မှားယွင်း၍ ပြစ်ဒဏ်စီရင်ခြင်းတို့သည် တရားစီရင်ရေးတိမ်းစောင်းမှုဖြစ်သည်ကို သတိပြုကြစေလိုကြောင်း၊ မူးယစ်ဆေးဝါးမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ တရားဥပဒေစိုးမိုးမှုကိုပျက်ပြားစေနိုင်သည့် မင်းမဲ့စရိုက်ဆန်ဆန်အုပ်စုဖွဲ့၍ ကျူးလွန်မှုများ၊ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်သည့် ပြစ်မှုများနှင့်စပ်လျဉ်းပြီး ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါက ထိရောက်ဟန့်တားသည့်ပြစ်ဒဏ်များချမှတ်ကြရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာပြဋ္ဌာန်းထားပြီးဖြစ်သည့် မူပိုင်ခွင့်ဥပဒေများအရစွဲဆိုလာသည့် အမှုများစစ်ဆေးစီရင်ရာတွင်လည်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို အများပြည်သူလက်လှမ်းမီမှုရှိစေရေးနှင့် နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ စတုတ္ထနှစ်လုပ်ငန်းအစီအစဉ် (၂၀၂၆) အောင်မြင်အောင် ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တရားရုံးနှစ်စဉ်အစီရင်ခံစာများ ထုတ်ပြန်ရာတွင်လည်း ပြည့်ပြည့်စုံစုံဖော်ပြကြရန်နှင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံအသီးသီးမှာ AI နည်းပညာကို တရားစီရင်ရေးနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည်ကိုတွေ့ရသည့်အတွက် တရားစီရင်ရေးလုပ်ငန်းမှာ AI နည်းပညာကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်နေပြီဖြစ်သဖြင့် အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပြည်သူအများက တရားစီရင်ရေးစနစ်အပေါ် ယုံကြည်ကိုးစားမှုရှိလာစေရန် တရားသူကြီးများအနေဖြင့် တရားစီရင်ရေးကျင့်ဝတ်၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ ပြုမူပြောဆိုနေထိုင်ကြရန်နှင့် တရားရုံးသို့လာရောက်ကြသည့် တရားရုံးအသုံးပြုသူများအား ပြေပြစ်စွာဆက်ဆံကြရန်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တနှင့်စိတ်ဓာတ်ကို ပျက်စီးစေရုံသာမက တရားရေးဌာနအပေါ် အများပြည်သူယုံကြည်ကိုးစားမှုကို ထိခိုက်စေနိုင်သည့်အတွက် ဝန်ထမ်းအားလုံး အဂတိကင်းစင်ရေးအတွက် အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တရားသူကြီးများနှင့်တရားရုံးဝန်ထမ်းများ၏ကျင့်ဝတ်ပိုင်းနှင့် ပညာရပ်ပိုင်းဆိုင်ရာတိုးတက်မြင့်မားရေး၊ တရားရုံးများ၏စွမ်းဆောင်ရည် တိုးတက်မြင့်မားရေးတို့အတွက် ကြိုးစားဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ မိမိတို့ထမ်းဆောင်ကြရမည့် လုပ်ငန်းတာဝန်များကို ကျေကျေပွန်ပွန်သစ္စာရှိရှိထမ်းဆောင်ကြရန်နှင့် တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်ရေး၊ တရားစီရင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် မှုခင်းများစစ်ဆေးစီရင်ခဲ့မှုနှင့်စပ်လျဉ်းပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လက်အောက်တရားရုံးအဆင့်ဆင့် တို့တွင် ရာဇဝတ်အမှုစုစုပေါင်းမှာ စာရင်းဖွင့်လက်ကျန် (၂၀၆၂၃) မှု၊ လက်ခံရရှိမှု (၁၄၀၂၉၃) မှု ဖြစ်ပြီး (၁၄၁၆၀၁) မှု စစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲ (၁၉၃၁၅) မှု ကျန်ရှိကြောင်း၊ တရားမအမှုစုစုပေါင်းမှာ စာရင်းဖွင့်လက်ကျန် (၂၄၇၄၉) မှု၊ လက်ခံရရှိမှု (၁၇၇၀၂) မှု ဖြစ်ပြီး (၁၈၂၃၁) မှု စစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲ (၂၄၂၂၀) မှု ကျန်ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် တရားရုံးအဆင့်ဆင့်သို့ စွဲဆိုတင်ပို့သည့်အမှုပေါင်း (၁၅၇၉၉၅) မှု လက်ခံရရှိပြီး (၁၅၉၈၃၂) မှု စစ်ဆေးပြီးပြတ်သဖြင့် အမှုပြီးပြတ်မှုနှုန်းအနေဖြင့် ၁၀၁.၁၆% ဖြစ်ကြောင်း၊ ဆက်လက်၍လည်း အမှုများကြန့်ကြာမှုမရှိစေဘဲ ပြီးပြတ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများနှင့် ခရိုင်တရားသူကြီးများသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ အစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။