နေပြည်တော်၊ ဇွန် ၅
စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများစာအုပ်နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်အနှစ်ချုပ်စာအုပ်တို့ကို ပြုစုထုတ်ဝေနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ (၁/၂၀၂၆) အစည်းအဝေး၌ လမ်းညွှန်ဆုံးဖြတ်ချက်နှင့်အညီ ပြုစု၍စာအုပ်များ ပြီးစီးအောင်မြင်မှုအပေါ် ဆွေးနွေးပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများစာအုပ် ပြုစုရေးလုပ်ငန်းအဖွဲ့ဝင်တို့၏ လုပ်ငန်းကော်မတီအစည်းအဝေး(၂/၂၀၂၆)ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက် (ကြာသပတေးနေ့) နေ့လယ် ၂း၀၀ မှ ၃း၃၀ နာရီအထိ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်အစည်းအဝေးခန်းမတွင် Online & In person Hybrid System ပူးတွဲစနစ်ဖြင့် ကျင်းပပြုလုပ်သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကို၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်ပြုံးပြုံးအေးနှင့် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးတို့က အဖွင့် အမှာစကား အသီးသီးပြောကြားပြီး စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာအမေးအဖြေစာအုပ် ပြုစုရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင် (အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာန၊ ညွှန်ကြားရေးမှူး) ဒေါ်အေးအေးလှိုင်က မူပိုင်ခွင့်ဆိုင်ရာအမေးအဖြေများစာအုပ်နှင့် အနှစ်ချုပ်စာအုပ်ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်ပြီးစီးမှုများကို အပြီးသတ်အတည်ပြုနိုင်ရန် ရှင်းလင်းတင်ပြသည်။
ထို့နောက် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာအမေးအဖြေများစာအုပ်နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်အနှစ်ချုပ်စာအုပ် ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်မှုကို အပြီးသတ်အတည်ပြုခြင်းနှင့်စပ်လျဥ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများ စာအုပ်ပြုစုရေးလုပ်ငန်းအဖွဲ့ဝင်တို့က ညှိနှိုင်းဆွေးနွေးကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကို၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်ပြုံးပြုံးအေးနှင့် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးကိစ္စရပ်များဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာအမေးအဖြေများစာအုပ်ပြုစုရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၂၈) ဦး တက်ရောက်သည်။

