နေပြည်တော်၊ ဇွန် ၅
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးက ကြီးမှူး၍ တရားရေးအရာရှိများ၊ တရားသူကြီးများအတွက် International Organization for Mediation (IOMed) Global Sumit နှင့် Seminar အတွေ့အကြုံရှင်းလင်းပွဲကို ဇွန်လ ၅ ရက် နံနက် ၉း၀၀ နာရီအချိန်တွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမတွင် In Person / Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
ရှင်းလင်းပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့မှ ၉ ရက်နေ့ထိ ကျင်းပသည့် IOMed Global Sumit နှင့် Seminar သို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည့် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် ဗိုလ်တထောင်ခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး ဒေါ်ကေသီခိုင်ငြိမ်းတို့က IOMed Global Sumit နှင့် Seminar တက်ရောက်ခြင်း၊ IOMed အဖွဲ့အစည်းနှင့် Overview of Mediation Process အကြောင်းအရာတို့ကို ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ IOMed စေ့စပ်ညှိနှိုင်းပေးသူ ခုံအဖွဲ့ဝင်များအဖြစ် အမည်စာရင်းပေးပို့ထားသည့် တရားရေးအရာရှိ/တရားသူကြီးများ၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနမှ ညွှန်ကြားရေးမှူးနှင့် အရာရှိများ စုစုပေါင်း (၃၁) ဦး တို့တက်ရောက်ကြသည်။
မြန်မာနိုင်ငံသည် IOMed Convention၏ အဖွဲ့ဝင်ဖြစ်သည်နှင့်အညီ IOMed ၏လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ အခြားနည်းဖြင့်အငြင်းပွားမှုဖြေရှင်းရေး (Alternative Dispute Resolution- ADR) စနစ်တိုးတက်ဖြစ်ပေါ်ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ကျင်းပခဲ့ကြောင်းသိရသည်။

