နေပြည်တော် ၊ ဖေဖော်ဝါရီ ၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးကကြီးမှူး၍ တရားရေးအရာရှိများအတွက် တရားသူကြီးများအတွက် မူပိုင်ခွင့်ချိုးဖောက်မှုများအား တားဆီးကာကွယ်နိုင်စေရန် မူပိုင်ခွင့်ထိပါးခိုးချပစ္စည်းများအား အရေးယူဆောင်ရွက်ခြင်း၊ AML/CFT ဆိုင်ရာ သိကောင်းစရာများနှင့် AML/CFT ဆိုင်ရာ မှုခင်းများတွင်သက်သေခံပစ္စည်း များ စီမံခန့်ခွဲခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို ဖေဖော်ဝါရီလ ၄ ရက် နေ့လယ် ၁းဝဝနာရီအချိန်တွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမတွင် In Person / Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော်ဆောင်ရွက် လျှက်ရှိသည့် မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေးနှင့် AML/CFT ဆိုင်ရာ လုပ်ငန်းများကို တရားသူကြီး/တရားရေးအရာရှိများ သိရှိနားလည်စေရန်နှင့် ဘာသာရပ်ဆိုင်ရာ အသိအမြင်များ ပိုမိုသိနားလည်စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲများကို ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ယနေ့ မူပိုင်ခွင့်အရေးယူဆောင်ရွက်မှုများနှင့် တရားရုံးများတွင် ကြုံတွေ့နေရသည့် AML/CFT မှုခင်းများမှ သက်သေခံပစ္စည်းများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသန့်ကမူပိုင်ခွင့်ထိပါးခိုးချပစ္စည်းများ (Pirated Goods) အား အရေးယူဆောင်ရွက်ခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက AML/CFT ဆိုင်ရာသိကောင်းစရာများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က AML/CFT အမှုများတွင် သက်သေခံပစ္စည်းစီမံခန့်ခွဲခြင်းတို့ကို ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားရေးအရာရှိ (၃၃) ဦးတို့ကIn Person ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသတရားရုံးများ၊ ခရိုင်တရားရုံးများနှင့်မြို့နယ်တရားရုံးများမှ တရားသူကြီး/တရားရေး အရာရှိ (၁၀၂၇) ဦးတို့က Video-Conferencing ဖြင့်လည်းကောင်း တက်ရောက်ကြသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မူပိုင်ခွင့်အမျိုးသားအဆင့်မဟာဗျူဟာနှင့် AML/CFT ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂ဝ၂၄-၂ဝ၂၈)ကို အကောင်အထည် ဖော်ရန် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်လျှက်ရှိပြီး တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၂၇) စတုတ္ထနှစ်မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆ခုနှစ်)၏ လုပ်ငန်းစဉ်များအဖြစ် ယခုဆွေးနွေးပွဲများကို ကျင်းပခဲ့ခြင်းဖြစ်သည်။

