နေပြည်တော် ဇူလိုင် ၂၂
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ဇူလိုင်လ ၁၇ ရက်နေ့ နေ့လည် (၁၄း၁၅) နာရီက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး သင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ဒုတိယမြို့နယ်တရားသူကြီးများလုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၂၈) သို့ တက်ရောက် လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားပါသည်။
ပြည်ထောင်စုတရားသူကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားရာတွင် တရားသူကြီးများသည် ပြည်သူ့ဝန်ထမ်းများဖြစ်ကြပြီး နိုင်ငံတော်က တရားစီရင်ရေးအာဏာကို ယုံယုံကြည်ကြည် အပ်နှင်းခံရသူများ ဖြစ်ကြောင်း၊ နိုင်ငံတော်အကျိုးအတွက် မိမိတို့၏ တရားစီရင်ရေး ကျင့်ဝတ်များကို လိုက်နာကြရမည် ဖြစ်ကြောင်း၊ တရားရုံးများက အမှန်တရားကို ရှာဖွေရာတွင် ဥပဒေနှင့်အညီ ဖြစ်ရန်လိုကြောင်း၊ နိုင်ငံတော်၏ဦးတည်ချက်၊ မူဝါဒနှင့်လုပ်ငန်းစဉ်များကို မျက်ခြေမပြတ်စေဘဲ မိမိတို့အား ပေးအပ်ထားသည့် တာဝန် ဝတ္တရားများကို ကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း၊ တရားရုံး၏ဂုဏ်သိက္ခာကို အစဉ်တိုးတက်မြင့်မားနေစေရန်နှင့် အနာဂတ်တရားစီရင်ရေးကဏ္ဍတွင် စည်းကမ်းပြည့်ဝသည့် တရားသူကြီးကောင်းများ ဖြစ်စေရန်တို့အတွက် ကြိုးစားကြစေလိုကြောင်း၊ တရားစီရင်ရေးတာဝန်ကို ဆောင်ရွက်သည့်အခါတွင် ရိုးရိုးသားသား၊ ကြိုးကြိုးစားစား၊ သန့်သန့်ရှင်းရှင်းနှင့် အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ကြရန်၊ အကျင့်သိက္ခာ၊ သီလ၊ သမာဓိ၊ ပညာ၊ ကိုယ်ချင်းစာတရားနှင့်ပြည့်စုံသည့် တရားသူကြီးကောင်းများဖြစ်အောင် ကြိုးစားပြီး ပြည်သူ့အကျိုးကို အစွမ်းကုန် သယ်ပိုးကြရန် တိုက်တွန်း မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် သင်တန်းခန်းမနှင့် သင်တန်းသား၊ သင်တန်းသူများ၏ စားသောက်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်တရားသူကြီးများနှင့် သင်တန်းသား၊ သင်တန်းသူ (၈၀) ဦးတို့ တက်ရောက်ကြပါသည်။