နေပြည်တော်၊ နိုဝင်ဘာ ၂၂
အိန္ဒိယနိုင်ငံ၊ မတ်ဒရာပရာဒက်ရှ်ပြည်နယ်၊ ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီ (National Judicial Academy-NJA) တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ် မည့် “မြန်မာတရားသူကြီးများနှင့်တရားရေးအရာရှိများအတွက် သတ္တမအကြိမ် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်း” တက်ရောက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သင်တန်းသား (၄၀) ဦးသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာကြသည်။
အဆိုပါသင်တန်းသည် ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေး အကယ်ဒမီတို့အကြား လက်မှတ်ရေးထိုးထားသည့် “မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများ အတွက် အိန္ဒိယနိုင်ငံတွင်သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ” အရ ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ တရား စီရင်ရေးစနစ်များကို ယှဉ်တွဲလေ့လာခွင့်ရပြီး နှစ်နိုင်ငံအကြား တရားစီရင်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန် အထောက်အကူဖြစ်စေသည့်အပြင် မြန်မာတရားသူကြီးများနှင့်တရားရေး အရာရှိများ၏ စွမ်းရည်မြှင့်တင်မှုအတွက်လည်း အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။
သင်တန်းတွင် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်နှင့် ပညာရပ် ဆိုင်ရာကျွမ်းကျင်မှု၊ တရားရုံးနှင့်မှုခင်းစီမံခန့်ခွဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့်တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး ဆိုင်ရာတရားစီရင်ရေး၊ တရားစီရင်ရေးနှင့်သတင်းမီဒီယာ၊ သက်သေခံဥပဒေ၊ မှုခင်းဆေးပညာ သက်သေခံချက်၊ အငြင်းပွားမှုများအား အခြားနည်းဖြင့်ဖြေရှင်းခြင်း၊ ကျားမတန်းတူညီမျှသောလူ့အဖွဲ့အစည်း အစရှိသည့် အကြောင်းအရာများအား အိန္ဒိယနိုင်ငံမှ တရားသူကြီးများ၊ တက္ကသိုလ်ပါမောက္ခများနှင့် ဥပဒေပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များက သင်တန်းသားများနှင့် အတွေ့အကြုံများ အပြန်အလှန် လဲလှယ်၍ ဆွေးနွေးပို့ချကြမည်ဖြစ်သည်။ ထို့အပြင် သင်တန်း၏တစ်စိတ်တစ်ဒေသအဖြစ် ဘိုပါးမြို့ရှိ တရားရုံးများနှင့် ထင်ရှားသော နေရာများသို့ သင်တန်းသားများက သွားရောက်လေ့လာခွင့်လည်း ရရှိကြမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တရားရုံးများ မှ ခရိုင်အဆင့်တရားသူကြီးများ၊ မြို့နယ်အဆင့်တရားသူကြီးများနှင့် တရားရေးအရာရှိများ စုစုပေါင်း (၄၀) ဦး တက်ရောက်ကြမည်ဖြစ်သည်။

