ဒလမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၈

ဒလမြို့နယ်တရားရုံး၊ အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို တွံတေးခရိုင်၊ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ ဒလ-တွံတေးလမ်းရှိ ဒလမြို့နယ်တရားရုံး၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်း၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တရားလွှတ်တော်တရားသူကြီးများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်တို့က ရုံးအဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် မြို့နယ်တရားရုံးဆိုင်းဘုတ်ကိုလည်း စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြ သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းပေးသည်။

ယင်းနောက် ဒုတိယပိုင်းအစီအစဉ်အား အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ Diamond City ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာဦးတင်မောင်က ရုံးအဆောက်အဦနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ရုံးအဆောက်အဦနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို ဒလမြို့နယ်တရားသူကြီး ဦးသက်ပိုင်ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်တရားသူကြီးက မြို့နယ်တရားရုံးအဆောက်အဦသစ်အား ရုံးသစ်ဖွင့်လှစ်ဆောင်ရွက်နိုင်အောင် အဘက်ဘက်မှဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်စကားပြောကြားသည်။ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ဒလမြို့နယ်တရားရုံး အဆောက်အဦသစ်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်မှစ၍ (၂၀၂၄-၂ဝ၂၅) ဘဏ္ဍာရေးနှစ်အထိ ခွင့်ပြုရန်ပုံငွေ စုစုပေါင်းကျပ်သန်း (၂၆၂၂.၈၅၆) ဖြင့် Diamond City ကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယခုတည်ဆောက်ပြီးစီးခဲ့သည့် ဒလမြို့နယ်တရားရုံး သည် အလျား (၉၀)ပေ x အနံ (၇၀)ပေ၊ (၄) ထပ် သံကူကွန်ကရစ် အဆောက်အဦဖြစ်ကာ ခေတ်နှင့်လျော်ညီစွာ တည်ဆောက်ထားကြောင်း သိရသည်။