နေပြည်တော်၊ အောက်တိုဘာ ၃၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ကွင်းအမှတ်- ၄/ယောရင်ကွင်း၊ ဦးပိုင်အမှတ် ၃၅/၂င၊ ၃၅/၂စ ရှိ ကချင်ပြည်နယ်တရားလွှတ်တော် အဆောက်အအုံသစ် ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ၃၀-၁၀-၂၀၂၅ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်က အဆိုပါ အဆောက်အအုံ တည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်သည်။
အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချူပ် ဒေါ်အေးအေးမော်နှင့် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကာ ပန္နက်တော်တင် တွင်းတော်ဝန်းပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ပန္နက်တော်တင် တွင်းတော်ဝန်း အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုး ရွာသွန်းပေးပြီး အဆောက်အအုံ ဆောက်လုပ်မည့် ပရဝဏ်အတွင်း လှည့်လည်ကြည့်ရှုသည်။
အဆိုပါ အဆောက်အအုံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၇ (၅) နှစ်တာ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း၊ တတိယနှစ်လုပ်ငန်းအစီအစဉ် (၂၀၂၅) ၏ မဟာဗျူဟာလုပ်ငန်းနယ်ပယ်(၁)၊ မဟာဗျူဟာရည်မှန်းချက် ၁.၄၊ မဟာဗျူဟာအစီအစဉ် ၁.၄.၁ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။
ယင်းအဆောက်အအုံသည် အလျား ၂၀၆ ပေ၊ အနံ ၁၅၃ ပေ ရှိ သံကူကွန်ကရစ် လေးထပ်အဆောက်အအုံဖြစ်ပြီး G3 Group Limited က တာဝန်ယူတည်ဆောက်သွားမည်ဖြစ်သည်။

