နေပြည်တော်၊ အောက်တိုဘာ ၂၂
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၂၀) ကြိမ်မြောက် ကထိန်လျာသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၀၆:၀၀) နာရီအချိန်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အမှုလက်ခံဌာန၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများ၊ တရားရေးအရာထမ်းများနှင့် အမှုထမ်းများတက်ရောက်ကြသည်။
ရှေးဦးစွာ ကြွရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပြီး တက်ရောက်လာသည့် ဧည့်ပရိတ်သတ်အပေါင်းက ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ကြွရောက်လာကြသည့် ဇမ္ဗူအေးကျောင်းတိုက်၊ လမ်းသပြေကုန်းကျောင်းတိုက်နှင့် ဇေယျသိမ်ကျောင်းတိုက်တို့မှ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။
ဆက်လက်၍ ဇမ္ဗူအေးကျောင်းတိုက်ဆရာတော် အရှင်ဦးညာနောဓရက ကထိန်လျာသင်္ကန်း လှူဒါန်းခြင်းနှင့်ပတ်သက်၍ အနုမောဒနာတရားဟောကြားချီးမြှင့်ပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆို၍ရုပ်သိမ်းခဲ့သည်။ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းရာတွင် ပစ္စည်းနှင့်အလှူငွေ စုစုပေါင်းတန်ဖိုးမှာ (၂၈၅၇၇၀၄၀) ကျပ် ဖြစ်သည်။

