ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘက်မြို့တွင် ကျင်းပခဲ့သည့် “(၁၃) ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ အပြည်ပြည်ဆိုင်ရာဥပဒေဖိုရမ်” သို့တက်ရောက်

နေပြည်တော်၊ စက်တင်ဘာ ၂၆ 

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားသူကြီးချုပ်၏ ဖိတ်ကြားချက်အရ စက်တင်ဘာလ ၂၁ ရက်နေ့မှရက်နေ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘက်မြို့ တွင် ကျင်းပခဲ့သည့် (၁၃) ကြိမ်မြောက်အာရှ-ပစိဖိတ်ဒေသ အပြည်ပြည်ဆိုင်ရာဥပဒေ ဖိုရမ်” သို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါဖိုရမ်သည် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများ၏ တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် နှစ်နှစ်လျှင်တစ်ကြိမ် ကျင်းပသောဖိုရမ်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များတွင် အာရှနှင့်ပစိဖိတ်ဒေသနိုင်ငံများ၏  ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်လျက်ရှိရာ  ဤဖိုရမ်သို့ တက်ရောက်ခြင်းဖြင့် ဒေသတွင်းရှိ တရားသူကြီးချုပ်များ၊ တရားစီရင်ရေးအကြီးအကဲများနှင့် အမြင်ချင်းဖလှယ်ပြီး၊ မိမိတို့သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့သည်။

နှစ်နိုင်ငံတွေ့ဆုံပွဲတက်ရောက်ခြင်း

စက်တင်ဘာ၂၁  ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယာယီတရားသူကြီးချုပ်ဖြစ်သူ H.E Mr. Yuri Ivanenko နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားလွှတ်တော်ချုပ်တို့အကြား တရားစီရင်ရေးပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် နှစ်နိုင်ငံတရားစီရင်ရေးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ကြိုဆိုဧည့်ခံပွဲတက်ရောက်ခြင်း

စက်တင်ဘာလ ၂၁ ရက်နေ့ ညပိုင်းတွင် စိန့်ပီတာစဘက်မြို့ရှိ အယူခံတရားရုံး အဆောက်အအုံ၌ကျင်းပခဲ့သည့် (၁၃)ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ အပြည်ပြည်ဆိုင်ရာဥပဒေဖိုရမ်သို့  တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ဧည့်သည်တော်များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယာယီတရားသူကြီးချုပ် H.E Mr.Yuri Ivanenko က တည်ခင်းသည့် ကြိုဆိုဧည့်ခံပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

ဖိုရမ်တက်ရောက်ခြင်း

(၁၃)ကြိမ်မြောက်အာရှ-ပစိဖိတ်ဒေသအပြည်ပြည်ဆိုင်ရာဥပဒေဖိုရမ်ကို၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့တွင် ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ တရားစီရင်ရေးဆိုင်ရာအကြီးအကဲများ၊ တရားသူကြီးများ၊ တရားစီရင်ရေးအဆင့်မြင့်အရာရှိများ စုစုပေါင်း ၈၂ ဦး တက်ရောက်ခဲ့ကြပါသည်။အဆိုပါ ဖိုရမ်တွင် အခွန်ဥပဒေ၊ အကောက်ခွန်ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေနှင့် မူပိုင်ခွင့်ဥပဒေဆိုင်ရာတရားစီရင်ရေးနှင့် သက်ဆိုင်သည့်ဥပဒေပြဿနာရပ်များကို စာတမ်းဖတ်ကြားဆွေးနွေးကြပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဇာလီစံက “Intellectual Property Rights Protection in Myanmar: Judicial Perspective and Experience” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားဆွေးနွေးခဲ့သည်။

အဆိုပါဖိုရမ်သို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြသည်။