နေပြည်တော်၊ စက်တင်ဘာ ၁၃
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ တတိယနှစ်မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၅ ခုနှစ်)၊ မဟာဗျူဟာရည်မှန်းချက် ၅.၂ ပါ ဆောင်ရွက်ချက်များအရ တရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် မူပိုင်ခွင့်ဥပဒေများဆိုင်ရာ အတွေ့အကြုံဗဟုသုတများမျှဝေနိုင်ရန် မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေး အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကို နံနက် ၀၉ : ၀၀ နာရီတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမ၌ ပူးတွဲစနစ် (In person/ Virtual) ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာန၊ ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသန့်တို့က မူပိုင်ခွင့်ဥပဒေ (၄) ရပ်အရ တရားစွဲဆိုမှုများနှင့်စပ်လျဉ်း၍ အနှစ်ချုပ်ဆွေးနွေးကြပြီး၊ မူပိုင်ခွင့်ဥပဒေများအရ စွဲဆိုသည့်ရာဇဝတ်မှုနှင့် တရားမမှုများလက်ခံစစ်ဆေးကြားနာရာတွင် ကြုံတွေ့ရသောအခက်အခဲများနှင့်အတွေ့အကြုံများကို တောင်ငူခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဦးမိုးကြည်မောင်၊ သင်္ဃန်းကျွန်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး ဦးကျော်စိုးခိုင်၊ ကျောက်တံတားခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဒေါ်မီမီထွေးနှင့် ကျောက်တံတားခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး ဒေါ်ရူပဝင်းတို့က အသီးသီးဆွေးနွေးကြသည်။ မူပိုင်ခွင့်တရားရုံး၏တရားရုံးစီမံခန့်ခွဲရေးနှင့် တရားစီရင်ရေးကိစ္စရပ်များကို အဖွဲ့ဖြင့် ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (တရားစီရင်ရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ထုံး/အငြင်းပွား/စစ်ဆေးရေး)၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာန၊ ညွှန်ကြားရေးမှူးအပါအဝင် တရားရေးအရာရှိများ (၂၄) ဦး ၊ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်အသီးသီးမှ တရားရေးဦးစီးမှူးများ၊ တရားသူကြီး/တရားရေး အရာရှိများ (၇၉၀) ဦး၊ စုစုပေါင်း (၈၁၇) ဦးတို့ တက်ရောက်ကြသည်။