နေပြည်တော်၊ စက်တင်ဘာ ၁
ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ပျဉ်းမနားခရိုင်တရားရုံး အစည်းအဝေးခန်းမတွင် “ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ” ကို၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက် (၉:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ AML/CFT Working Group ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲ၌ AML/CFT ကဏ္ဍတွင် မြန်မာနိုင်ငံဖွဲ့စည်းပါဝင်မှု၊ ရှေ့နေရှေ့ရပ်များ၏ အခန်းကဏ္ဍနှင့် ကြီးကြပ်ရေးအာဏာပိုင်က ဆောင်ရွက်လျက်ရှိသော AML/CFT ဆိုင်ရာလုပ်ငန်းများ၊ သတင်းပို့အဖွဲ့အစည်းများက ဆောင်ရွက်ကြရမည့် AML/CFT ဆိုင်ရာ သတင်းပေးပို့မှုများအကြောင်းကို တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြားသည်။
ထို့နောက် ကြီးကြပ်ရေးအာဏာပိုင်၏ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေရှိ ရှေ့နေလုပ်ငန်းခွင် (၁၃) ခုအား ကွင်းဆင်းစစ်ဆေးရာ တရားလွှတ်တော်ရှေ့နေများ ကောင်စီဝင် ဦးဝင်းအောင်၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ရဲမှူးမိုးမြင့်၊ ပျဉ်းမနားခရိုင်တရားသူကြီး ဦးလွန်းဘော်၊ လယ်ဝေးခရိုင်တရားသူကြီး ဦးစံမြင့်နှင့် ဇေယျာသီရိခရိုင်တရားသူကြီး ဦးမျိုးကျော်အောင်တို့ အတူလိုက်ပါကြသည်။
ကွင်းဆင်းမှုကို တရားလွှတ်တော်ရှေ့နေများ ဖြစ်ကြသည့် ဒေါ်စုဒါလီအောင်၊ ဒေါ်အေးငြိမ်းမွန်၊ ဦးငွေထွန်းဦး၊ ဒေါ်နှင်းဖြူဇော်၊ ဒေါ်တင်ပပထွန်း၊ ဒေါ်သူသူငြိမ်း၊ ဒေါ်ပြည့်ဖြိုးအိ၊ ဒေါ်ဥမ္မာမြင့်၊ ဒေါ်ပြည့်ပြည့်ဖြိုးအောင်၊ ဦးဝင်းခိုင်နှင့် အထက်တန်းရှေ့နေများဖြစ်ကြသည့် The Innovative Legal Windows Co.Ltd မှ ဦးသက်လွင်၊ ဦးပြည့်ဖြိုးအောင်၊ ဦးကျော်ကျော်ရှိုင်းတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။