နေပြည်တော်၊ ဩဂုတ် ၂၈
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့် ဟိုပုံးမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုပုံးမြို့ရှိ အဆိုပါရုံးနေရာ၌ကျင်းပသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင်ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးကြည်သိန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်ကျော်ဆန်း၊ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသန်းဦးလွင်၊ အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။
ရှေးဦးစွာအဆောက်အဦသစ်ကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင်ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်ကျော်ဆန်း၊ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသန်းဦးလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးခွန်ရဲထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက်ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့် ဟိုပုံးမြို့နယ်တရားရုံးအဆောက်အဦသစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးနှင့် ကြွရောက်လာသော အကြီးအကဲများက ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။ ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင်ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသန်းဦးလွင်တို့က ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့နှင့် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့် ဟိုပုံးမြို့နယ်တရားရုံးအဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် အခမ်းအနားဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်စံလွင်တို့က အဖွင့်အမှာစကားပြောကြားကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့် ဟိုပုံးမြို့နယ်တရားရုံး အဆောက်အဦသစ်ဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ ဇွဲမာန်ဟုန်ကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဦးမြတ်ကိုကိုက အဆောက်အဦသစ် နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့် ဟိုပုံးမြို့နယ်တရားရုံး အဆောက်အဦသစ်နှင့်သက်ဆိုင်သောစာရွက်စာတမ်းများကို ဇွဲမာန်ဟုန်ကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဦးမြတ်ကိုကိုမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးထံသို့ လွှဲပြောင်းပေးအပ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့် ဟိုပုံးမြို့နယ်တရားရုံးသည် ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မြို့ဦးကွက်သစ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးဝန်းတွင်တည်ရှိပြီး အလျား ၁၉၄ ပေ၊ အနံ ၇၃ ပေရှိ RCC နှစ်ထပ်အဆောက်အဦဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဘဏ္ဍာရန်ပုံငွေကျပ် ၂၁၇၈.၄၆၈ သန်းဖြင့် ဇွဲမာန်ဟုန်ကုမ္ပဏီလီမိတက်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။