ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် ရှေးဟောင်းအဆောက်အအုံအား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်း

နေပြည်တော်၊ ဩဂုတ် ၂၅

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်ဦးလွင် တို့နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် ရှေးဟောင်းအဆောက်အအုံအား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးဆောင်သောအဖွဲ့အား တာဝန်ရှိသူများက လက်ရှိတရားလွှတ်တော် အဆောက်အအုံအခြေအနေ၊ ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းရန်လျာထားချက်၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးတို့က ယခုအဆောက်အအုံသည် ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် (Haritage) အဆောက်အအုံဖြစ်သည့်အတွက် ယခင်အဆောက်အအုံပုံစံအတိုင်း ရှေးမူလက်ရာမပျက်စေဘဲ အရည်အသွေးပြည့်မီစွာဖြင့် စနစ်တကျပြန်လည်ပြုပြင်ထိန်းသိမ်းရန်လိုအပ်ပါကြောင်း၊ တာဝန်ယူဆောင်ရွက်မည့်အဖွဲ့များအနေဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လိုပါကြောင်း မှာကြားပြီး အဆောက်အအုံအတွင်း အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးသည်။

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် အဆောက်အအုံမှာ အလျား ၂၉၉ ဒသမ ၆ ပေ အနံ ၂၈၈ ပေရှိ စတုဂံပုံသဏ္ဌာန် သုံးထပ်အဆောက်အအုံဖြစ်ပြီး ၁၉ဝ၅ ခုနှစ်တွင် တည်ဆောက်၍ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ထိုစဉ်ကကုန်ကျငွေမှာ ရူပီး ၂ ဒသမ ၄၅ သန်းဖြစ်ပြီး အဆိုပါအဆောက်အအုံတွင် ၂၀၁၁ ခုနှစ်အထိ နိုင်ငံတော်၏ အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့အစည်းအဆက်ဆက် ရုံးထိုင်၍ အမှုများစစ်ဆေးကြားနာစီရင်ခဲ့ပြီး သမိုင်းတန်ဖိုးမြင့်မား သော ရှေးဟောင်းအဆောက်အအုံဖြစ်သည်။

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေတို့အရ ဖွဲ့စည်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သည်လည်း ၂၀၁၁ ခုနှစ်မှစ၍ ယနေ့တိုင် ဤအဆောက်အအုံတွင်ပင် ရုံးထိုင်၍ တရားစီရင်ရေးလုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက် အအုံ) က ၁၉၉၆ ခုနှစ်တွင် ဤအဆောက်အအုံကို ရှေးဟောင်းလက်ရာ အဆောက်အအုံအဖြစ်သတ်မှတ်ခဲ့ပြီး ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ရန်ကုန်မြို့ပြအမွေအနှစ် (Yangon City Heritage) အဆောက်အအုံအဖြစ် အပြာရောင်ကမ္ပည်းပြား (Blue Plaque) ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် တပ်ဆင်ခဲ့သည်။

အဆိုပါအဆောက်အအုံနှင့်စပ်လျဉ်း၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ် ဩဂုတ် ၄ ရက်တွင် လာရောက်ကြည့်ရှုစဉ်က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် အဆောက်အအုံသည် ရှေးဟောင်းအဆောက်အအုံတစ်ခုဖြစ်သဖြင့် မူလလက်ရာမပျက်ယွင်းစေဘဲ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုအဆောက်အအုံသည် ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရှေးဟောင်းအဆောက်အအုံတစ်ခုဖြစ်သဖြင့် အဆောက်အအုံရေရှည်ကောင်းမွန်ကြံ့ခိုင်စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်လမ်းညွှန်မှာကြားချက်နှင့်အညီ ရှေးဟောင်းအမွေအနှစ်ကို ထိန်းသိမ်းသည့်အနေဖြင့် အဆောက်အအုံအား ရှေးမူလက်ရာမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။