နေပြည်တော်၊ ဩဂုတ် ၁၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ (၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးက အမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ဦးတည်ချက် (၄) ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် ဝန်ထမ်းများအားလုံးသည် နိုင်ငံသား၊ နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် ကျရာကဏ္ဍမှ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ထို့ပြင် ဌာနမှချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကိုလည်း လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ယခုအခါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ထုတ်ပြန်ထားပြီးဖြစ်၍ ယင်းဥပဒေအရ စွဲဆိုလာသည့်အမှုများကိုလည်း မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြပြီး ပြစ်မှုထင်ရှားပါက ထိရောက်ဟန့်တားသည့်ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား အများပြည်သူ ပိုမိုသိရှိနိုင်အောင် အသိပညာပေးသည့် Outreach Program များ တိုးမြှင့်လုပ်ဆောင်သွားရန်လိုကြောင်း၊ ပြည်တွင်း သို့မဟုတ် ပြည်ပ အနုညာတဆုံးဖြတ်ချက်ကို အတည်ပြုဆောင်ရွက်ရသည့် တရားရုံးများအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဥပဒေအရ စွဲဆိုသည့်အမှုများကိုလည်း ကြန့်ကြာမှုမရှိစေရန်နှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာတွင် ပါဝင်ဆောင်ရွက်နေမှုနှင့် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းတွင် ဆောင်ရွက်ထားရှိမှုများကို သိရှိနားလည်ထားကြရန်လိုကြောင်း၊ ထို့ပြင် မူပိုင်ခွင့်ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို နားလည်ကျွမ်းကျင်အောင် ဖတ်ရှုလေ့လာရန် လိုအပ်သကဲ့သို့ နိုင်ငံတကာနှင့် ဆက်စပ်နေသည့် မူပိုင်ခွင့်ဆိုင်ရာဥပဒေများ၊ မူပိုင်ခွင့်ဆိုင်ရာ သဘောတူစာချုပ်များကိုလည်း ဖတ်ရှုမှတ်သားလေ့လာကြရန်လိုကြောင်း၊ တရားစီရင်ရေးကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည့် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ တတိယနှစ်လုပ်ငန်းအစီအစဉ် (၂၀၂၅) တွင် ချမှတ်ထားသည့် လုပ်ငန်းအစီအစဉ်များ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ထို့ပြင် တရားရုံးအဆင့်ဆင့်၏ ဆောင်ရွက်ချက်များကို ပြည်သူများ သိရှိနားလည်စေရန် ရည်ရွယ်၍ နှစ်စဉ် ထုတ်ဝေလျက်ရှိသည့် တရားရုံးနှစ်စဉ်အစီရင်ခံစာများကိုလည်း အချိန်မီထုတ်ဝေနိုင်ရေး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တရားစီရင်ရေးနှင့် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်စေရေး၊ နိုင်ငံတကာနှင့် ဒေသတွင်း တရားစီရင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ပြည်ပသို့ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ ပညာတော်သင်များ စေလွှတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ တရားစီရင်ရေးနှင့်သက်ဆိုင်သည့် ဥပဒေပညာရပ်များအပြင် တရားစီရင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာနှင့် ဘာသာစကားများ ကျွမ်းကျင်တတ်မြောက်ထားရန်လိုကြောင်း၊ ထို့ပြင် တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ မိမိတို့၏ကိုယ်ပိုင်အရည်အချင်းများ တိုးတက်မြင့်မားရေးကိုလည်း အလေးထား ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော် ဆောင်ရွက်မည့် နှစ်အလိုက် လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ လုပ်ငန်းအစီအစဉ်ကို ထုတ်ပြန်ကြေညာပြီးဖြစ်သည့်အပြင် AML / CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြု ချဉ်းကပ်စစ်ဆေးသည့်လက်စွဲကိုလည်း ထုတ်ပြန်ထားပြီးဖြစ်၍ လေ့လာသိရှိထားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မှုခင်းများစစ်ဆေးစီရင်ခဲ့မှုနှင့်စပ်လျဉ်းပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လက်အောက် တရားရုံးအဆင့်ဆင့်တို့မှာ ရာဇဝတ်အမှုစုစုပေါင်းမှာ စာရင်းဖွင့်လက်ကျန် (၂၄၉၆၃) မှု၊ လက်ခံရရှိမှု (၁၄၇၄၇၀) မှုဖြစ်ပြီး (၁၄၇၀၁၂) မှု စစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲ (၂၅၄၂၁) မှု ကျန်ရှိကြောင်း၊ တရားမအမှုစုစုပေါင်းမှာ စာရင်းဖွင့်လက်ကျန် (၂၉၂၉၉) မှု၊ လက်ခံရရှိမှု (၁၉၁၆၅) မှု ဖြစ်ပြီး (၁၉၂၅၈) မှု စစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲ (၂၉၂၀၆) မှု ကျန်ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် တရားရုံးအဆင့်ဆင့်သို့ စွဲဆိုတင်ပို့သည့်အမှုပေါင်း (၁၆၆၆၃၅) မှု လက်ခံ ရရှိပြီး (၁၆၆၂၇၀) မှု စစ်ဆေးပြီးပြတ်သဖြင့် အမှုပြီးပြတ်မှုနှုန်းအနေဖြင့် ၉၉.၇၈% ဖြစ်ကြောင်း၊ ဆက်လက်၍လည်း အမှုများ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး / ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများနှင့် ခရိုင်တရားသူကြီးများသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ အစည်းအဝေးကို ဩဂုတ်လ ၁၄ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။