ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး ကော့သောင်းခရိုင်နှင့်‌မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဇူလိုင် ၂၃

ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်၊ ကော့သောင်းခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းကကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ကော့သောင်းခရိုင်နှင့် မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဦးစွာ အဆောက်အဦသစ်အား  ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးက ကော့သောင်းခရိုင်တရားရုံးနှင့် ကော့သောင်းမြို့နယ်တရားရုံးဆိုင်းဘုတ်အား  စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။

ယင်းနောက်  ဒုတိယပိုင်းအစီအစဉ်အား အစည်းအ‌ဝေးခန်းမ၌ ဆက်လက်ကျင်းပရာ နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာဦးတင်စိုးက ရုံးအဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ရုံးအဆောက် အဦနှင့်သက်ဆိုင်သည့်စာရွက်စာတမ်းများကို တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်‌ တော်တရားသူကြီးချုပ်‌‌ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် ကော့သောင်းခရိုင်တရားသူကြီးဦးချစ်ကိုကိုက ကော့သောင်းခရိုင်တရားရုံးနှင့်ကော့သောင်းမြို့နယ်တရားရုံးအဆောက်အဦသစ်အား ခေတ်နှင့်လျော်ညီစွာတည် ဆောက်နိုင်ရန် စီမံဆောင်ရွက်ပေးမှုနှင့် ရုံးသစ်ဖွင့်လှစ်ဆောင်ရွက်နိုင်အောင် အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးနှင့် တာဝန်ရှိသူများက အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ကော့သောင်းခရိုင်တရားရုံးနှင့် ကော့သောင်းမြို့နယ်တရားရုံး အဆောက်အဦသစ်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်မှစ၍ (၂၀၂၄-၂၀၂၅ ) ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၃၉၀၅.၄၈၆) ဖြင့် နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ  တာဝန်ယူတည်ဆောက်ခဲ့ပြီး ယခုတည်ဆောက်ပြီးစီးခဲ့သည့် ကော့သောင်းခရိုင်တရားရုံးနှင့် ကော့သောင်းမြို့နယ်တရားရုံးသည် အလျား(၁၃၅)ပေ x အနံ (၆၆)ပေ၊ (၅)ထပ် RCC အဆောက်အဦဖြစ်ကာ အသံဆက်သွယ်ရေးစနစ်၊ ဓာတ်လှေကားစနစ်၊ လုံခြုံရေးစနစ်များဖြင့် ခေတ်နှင့်လျော်ညီစွာ ထည့်သွင်းတည်ဆောက်ထားကြောင်းသိရသည်။