နေပြည်တော်၊ ဇူလိုင် ၃၀
နေပြည်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီး၊ ပြည်နယ်တရားရေးဦးစီးမှူးများအား ဘဏ္ဍာသိမ်းသက်သေခံလိုင်စင်ရှိ၊ လိုင်စင်မဲ့ယာဉ်များအပ်နှံခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ၂၆-၅-၂၀၂၅ ရက်နေ့ (၁:၀၀) နာရီအချိန်တွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အစည်းအဝေးခန်းမတွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်က ယနေ့ဆွေးနွေးပွဲသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့ရုံးတို့မှ ညွှန်ကြားထားသည့်အပေါ် တရားရုံးများမှ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ တိတိကျကျ ရှင်းရှင်းလင်းလင်းဖြစ်ရန် ဆွေးနွေးဖို့ ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ သက်သေခံယာဉ်များနှင့်စပ်လျဉ်း၍ လိုက်နာရန် ညွှန်ကြားချက်(၇)ခုအနက် ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး၏ ၁၀-၄-၂၀၂၅ ရက်စွဲပါ စာအမှတ်၊ ၇၇/စု-၃၈/၂၀၂၅ (လထန)မှာ နောက်ဆုံး လိုင်စင်ရှိ၊ လိုင်စင်မဲ့ယာဉ်များ ခွဲခြားအပ်နှံနိုင်ရန်ကိစ္စနှင့် သက်ဆိုင်ကြောင်း၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ ၂၉-၆-၂၀၁၈ ရက်စွဲပါ စာအမှတ်၊ ၂၀၄/စု-၃၅/ ၂၀၁၈ (လထန)မှာ ဘဏ္ဍာသိမ်းအမိန့်ချထားသည့် ရွှေ့ပြောင်းနိုင်သောသက်သေခံပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောသက်သေခံပစ္စည်းများ ပေးပို့ရန်ကိစ္စသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၇ ကို အကြောင်းပြုထုတ်ဆင့်ထားသော အမှာစာဖြစ်ကြောင်း၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ ၂၄-၈-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၂၅၃/ စု-၃၅/၂၀၂၀ (လထန)မှာ သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းသည့်ကိစ္စဖြစ်ပြီး နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် ၄/၂၀၂၀ ပေါ်တွင်မူတည်၍ တရားရုံးမှလိုက်နာရန် ထုတ်ထားခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး၏ ၈-၁-၂၀၂၄ ရက်စွဲပါ စာအမှတ်၊ ၉/စု-၃၈/၂၀၂၄ (လထန)မှာ ECC က ပို့သည့်စာအပေါ် ရည်ညွှန်း၍ တရားရုံးများက ECC သို့ ဘဏ္ဍာသိမ်းယာဉ်များအပ်နှံရာတွင် တစ်စီးချင်းစီအတွက် လိုအပ်ချက်များ ဖော်ပြထားသည့်စာဖြစ်ကြောင်း၊ ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်မှုရုံး၏ ၄-၆-၂၀၂၄ ရက်စွဲပါ စာအမှတ်၊ ၂၂၆/စု-၃၈/၂၀၂၄ (လထန)မှာ ဘဏ္ဍာသိမ်း အမိန့်ချမှတ်ပြီးသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ စီမံခန့်ခွဲရန်ကိစ္စဖြစ်ပြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး၏ တရားမဝင်ယန္တရားများနှင့်ပက်သက်သည့် ဆုံးဖြတ်ချက်များအပေါ်မူတည်ပြီး အကြောင်းကြားလာသည့်အတွက် ညွှန်ကြားစာထုတ်ရခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၉-၉-၂၀၂၄ ရက်စွဲပါ ညွှန်ကြားချက် အမှတ် - ၁/၂၀၂၄ တွင် အဓိကမှာ ဘီလစ်မှတ်ပုံတင် - ၃ သည် ရုံးရှေ့တင်ပို့သည့် သက်သေခံ ပစ္စည်းများအား စာရင်းသွင်းသည့် မှတ်ပုံတင်ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ရာဇဝတ်ကျင့်ထုံး ပြင်ဆင်လိုက်ခြင်းနှင့် အထူးဥပဒေအရ ရုံးရှေ့သို့ပစ္စည်းမတင်ပြဘဲ အစီရင်ခံစာဖြင့်တင်သည့် သက်သေခံပစ္စည်းများ များလာပြီး မှတ်ပုံတင်စာအုပ်မရှိ၊ ထူးခြားသည့် သွင်ပြင်လက္ခဏာများဖြစ်ခြင်းတို့ကြောင့် အဆိုပါညွှန်ကြားချက်ကို ထုတ်ရခြင်းဖြစ်ကြောင်း၊ ဘီလစ်မှတ်ပုံတင် - ၃ တွင် ရုံးရှေ့ တင်ပြသော ပစ္စည်းတင်မကဘဲ အစီရင်ခံစာဖြင့် တင်ပြသောပစ္စည်းကိုပါ သက်သေခံအဖြစ် ရေးသွင်းရမည်ဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်အရ တရားရုံးသည် အမှုတွင်တင်ပြသည့် သက်သေခံပစ္စည်းကိုသာ စီမံခန့်ခွဲရန်တာဝန်ရှိသည့်အတွက် အစီရင်ခံစာဖြင့်တင်သည့်အခါ တရားရုံးအား တင်ပြထားကြောင်း သိသာသည့် အထောက်အထားဖြစ်ရန်လိုကြောင်း၊ ဘီလစ် မှတ်ပုံတင် - ၃ တွင် ရေးသွင်းရမည့် ညွှန်ကြားချက်အား ပူးတွဲပေးထားကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ ၂၄-၂-၂၀၂၅ ရက်စွဲပါ ညွှန်ကြားချက် ၁/၂၀၂၅ မှာ တရားရုံး အဆင့်ဆင့်တွင် အယူခံ/ပြင်ဆင်ကာလ ကုန်ဆုံးပြီးနောက် ဘဏ္ဍာသိမ်းလိုင်စင်ရှိ မော်တော်ယာဉ်များ စစ်ဆေးခြင်း၊ နိုင်ငံပိုင်စာရင်းသွင်းခြင်း၊ ခွဲဝေအသုံးပြုခြင်း၊ တင်ဒါစနစ်ဖြင့် ရောင်းချြခင်း၊ သံရည်ကျိုဖျက်ဆီးခြင်းနှင့် နိုင်ငံပိုင်စာရင်းမှ ပယ်ဖျက်ခြင်းဆိုင်ရာ ညွှန်ကြားချက် ဖြစ်ကြောင်း၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ ၁၀-၄-၂၀၂၅ ရက်စွဲပါ စာအမှတ်၊ ၇၇/စု-၃၈/၂၀၂၅ (လထန)မှာ လိုင်စင်ရှိ၊ လိုင်စင်မဲ့ယာဉ်များ ခွဲခြားအပ်နှံနိုင်ရေးကိစ္စဖြစ်ကြောင်း၊ ယင်းအမှာစာမှာ ညွှန်ကြားချက် ၁/၂၀၂၅ နှင့်လည်း သက်ဆိုင်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့ပြင် တရားရုံးများက လိုက်နာရန်မှာ အဓိကအားဖြင့် လိုင်စင်ရှိမော်တော်ယာဉ်များကို ဘဏ္ဍာသိမ်းအမိန့်ချသည့်ကိစ္စတွင် အယူခံ/ပြင်ဆင်ကာလ စောင့်ဆိုင်း၍ ကျော်လွန်သည့်အခါ ဘဏ္ဍာသိမ်းအမိန့်ချမှတ်ထားသည့်ရုံးက တရားရေးဦးစီးမှူးရုံးသို့ ပို့ရမည်ဖြစ်ပြီး တရားရေးဦးစီးမှူးရုံးက စုစည်း၍ အစိုးရအဖွဲ့သို့ ညွှန်ကြားချက် ၁/၂၀၂၅ နှင့်အညီ လဆန်း (၁၄)ရက် အတွင်း ပို့ရမည်ဖြစ်ကြောင်း၊ လိုင်စင်မဲ့ ဘဏ္ဍာသိမ်းယာဉ်၏လုပ်ငန်းစဉ်မှာ လိုင်စင်မဲ့ယာဉ်ကို တရားရုံးသည် လုံးဝလက်မခံကြောင်း၊ ဖမ်းဆီးစဉ်ကပင် ဖမ်းဆီးအဖွဲ့အစည်းသည် ECC သို့ တိုက်ရိုက်စာရင်းပို့ရမည်ဖြစ်ကြောင်း၊ တရားရုံးကို ယင်းအထောက်အထားများဖြင့် ပို့ပြီး ဖြစ်ကြောင်းကို တင်ရမည်ဖြစ်ကြောင်း၊ လိုင်စင်မဲ့ယာဉ်ဖြစ်သည့်အတွက် ဘဏ္ဍာသိမ်း အမိန့်ချရမည်ဖြစ်ကြောင်း၊ အယူခံ/ပြင်ဆင်ကာလစောင့်ဆိုင်း၍ ကျော်လွန်သည့်အခါ ဆောလျင်စွာ တရားရေးဦးစီးမှူးရုံးသို့ ပေးပို့ရမည်ဖြစ်ကြောင်း၊ တရားရေးဦးစီးမှူးရုံးက ECC သို့ Email ဖြင့် ဆောလျင်စွာ ပေးပို့ရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
အစည်းအဝေးသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် များမှ တရားရေးဦးစီးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများ စုစုပေါင်း (၂၆)ဦး တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲအား နေ့လည် ၃:၁၅ အချိန် တွင် ရပ်နားပါသည်။