နေပြည်တော်၊ မတ် ၂၂
ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် တိုင်းဒေသကြီး / ပြည်နယ်တရားရေးဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးဌာနများ၏ စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) နှင့် စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ကို ၂၀၂၅ ခုနစ်၊ မတ်လ ၂၂ ရက် ယနေ့နံနက် ၀၉ : ၃၀ နာရီ အချိန်၌ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့်ကျင်းပသည်။
အစီအစဉ်ပထမပိုင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ထုံး/အငြင်းပွား/စစ်ဆေးရေး) ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် တိုင်းဒေသ ကြီး / ပြည်နယ်တရားရေးဦးစီးမှူးများက တရားရုံးအဆင့်ဆင့်နှင့် စေ့စပ်ဖြေရှင်းရေးဌာနအသီးသီး၏ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးတို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် အစီအစဉ်ဒုတိယပိုင်း၊ စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ကို ဆက်လက်ကျင်းပသည်။ သင်တန်းတွင် အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာန ညွှန်ကြားရေးမှူးက တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ တရားရုံး၏အခန်းကဏ္ဍ၊ စေ့စပ်ဖြေရှင်းရေးဌာန၏အခန်းကဏ္ဍ၊ အမှုသည်များ၏အခန်းကဏ္ဍ၊ ရှေ့နေများ၏အခန်းကဏ္ဍ၊ စေ့စပ်ဖြေရှင်းရေးအရာရှိ၏ အခန်းကဏ္ဍတို့ကို ဆွေးနွေးပို့ချသည်။
ယင်းအစည်းအဝေးနှင့် သင်တန်းကို ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး / ပြည်နယ်တရားရေးဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးဌာနအသီးသီးမှ ဌာနတာဝန်ခံ၊ စေ့စပ်ဖြေရှင်းရေးအရာရှိများနှင့် တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း ( ၆၈၅ ) ဦး တက်ရောက်သည်။