နေပြည်တော်၊ မတ် ၂၀
အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာများ၊ မဟာဗျူဟာ(၆)အရ မူပိုင်ခွင့်ချိုးဖောက်မှုများတားဆီးကာကွယ်ရန်နှင့် မူပိုင်ခွင့်ချိုးဖောက်မှုများလျော့ပါးစေရန်ရည်ရွယ်၍ မူပိုင်ခွင့်ချိုးဖောက်မှုများတားဆီးကာကွယ်ရေးလုပ်ငန်းစီမံချက်ရေးဆွဲအကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (မူပိုင်ခွင့်ဦးစီးဌာန)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန)၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (အကောက်အခွန်ဦးစီးဌာန)၊ ဥပဒေရေးရာဝန်ကြီးဌာန (တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန) တို့မှ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းနှင့်ဥပဒေရေးရာဌာနကြီး၊ ဌာနကြီးမှူးနှင့်တာဝန်ရှိသူများက လုပ်ငန်းစီမံချက်ရေးဆွဲရေးအတွက် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးပွဲသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူး ချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြစ်မှုတရားစီရင်ရေးဌာနညွှန်ကြားရေးမှူး၊ တရားမတရားစီရင်ရေးဌာနညွှန်ကြားရေးမှူး၊ ဥပဒေလုပ်ထုံးလုပ်နည်းဌာနညွှန်ကြားရေးမှူး၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာန ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများ၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ စုစုပေါင်း ၂၆ ဦး တက်ရောက်ခဲ့ကြသည်။