အိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေးအကယ်ဒမီတွင် ဖွင့်လှစ်မည့် “မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် ဆဌမအကြိမ်မြောက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း” တက်ရောက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သင်တန်းသား (၄၀) ဦး ထွက်ခွာ

နေပြည်တော်၊ မတ် ၁

အိန္ဒိယနိုင်ငံ၊ ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီ (National Judicial Academy-NJA) တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ဖွင့်လှစ်မည့် မြန်မာ တရားသူကြီးများနှင့်တရားရေးအရာရှိများအတွက် ဆဌမအကြိမ်မြောက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း တက်ရောက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သင်တန်းသား (၄၀) ဦးသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာကြသည်။

အဆိုပါသင်တန်းအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေးအကယ်ဒမီတို့အကြား လက်မှတ်ရေးထိုးထားသည့် မြန်မာတရားသူကြီးများနှင့် တရားရေးရေးအရာရှိများအတွက် အိန္ဒိယနိုင်ငံတွင်သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ဖွင့်လှစ်ပို့ချခြင်းဖြစ်သည်။ ဤသင်တန်းအား မြန်မာနိုင်ငံမှ သင်တန်းသားများ တက်ရောက်ခြင်းဖြင့် ဥပဒေစနစ်တူညီသည့် မြန်မာနှင့်အိန္ဒိယနိုင်ငံတို့၏ တရားစီရင်ရေးစနစ်များဆိုင်ရာ အချက်အလက်များကိုဖလှယ်ရန် အခွင့်အလမ်းရရှိပြီး၊ မြန်မာနိုင်ငံမှ တရားသူကြီးများနှင့် တရားရေးအရာရှိများ၏ စွမ်းရည်မြှင့်တင်ရေးအတွက် အထောက်အကူဖြစ်စေပါသည်။

သင်တန်းကာလအတွင်း အိန္ဒိယနိုင်ငံတရားစီရင်ရေး၏ရည်မှန်းချက်နှင့် တရားရုံးများ၏တာဝန်များ၊ တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်နှင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု၊ စီရင်ချက်ရေးသားပုံ၊ တရားရုံးနှင့်မှုခင်းစီမံခန့်ခွဲမှု၊ သတင်းနှင့်ဆက်သွယ်ရေးနည်းပညာအသုံးပြုမှု၊ ဆိုက်ဘာမှုခင်းများ၊ ဒစ်ဂျစ်တယ်သက်သေခံချက်၊ အငြင်းပွားမှုများအားအခြားနည်းဖြင့်ဖြေရှင်းခြင်း၊ မှုခင်းဆေးပညာသက်သေခံချက်၊ ကလေးသူငယ်မှုခင်းများစစ်ဆေးစီရင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့်တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဆိုင်ရာ တရားစီရင်ရေးအစရှိသည့် အကြောင်းအရာများအား အိန္ဒိယနိုင်ငံမှ အငြိမ်းစားတရားသူကြီး ချုပ်နှင့် တရားသူကြီးများ၊ တက္ကသိုလ်ပါမောက္ခများနှင့် ကျွမ်းကျင်ပညာရှင်များက သင်တန်းသားများနှင့် အပြန်အလှန်ဆွေးနွေးပို့ချကြမည်ဖြစ်သည်။ ထို့အပြင် သင်တန်းလှုပ်ရှားမှုအဖြစ် ဘိုပါးမြို့ရှိ ထင်ရှားသောနေရာများသို့ သင်တန်းသားများက သွားရောက်လေ့လာခွင့်လည်း ရရှိကြမည်ဖြစ်သည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တရားရုံးများမှ တရားရေးဦးစီးမှူးအပါအဝင် ခရိုင်အဆင့်တရားသူကြီးများ၊ မြို့နယ်အဆင့်တရားသူကြီးများနှင့် တရားရေးအရာရှိများ စုစုပေါင်း (၄၀) ဦး တက်ရောက်ကြမည်ဖြစ်သည်။