Covid-19 ကာလအတွင်း ကလေးသူငယ်တရားစီရင်ရေးဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇွန် ၁၀

Covid-19 ကာလအတွင်း ကလေးသူငယ်တရားစီရင်ရေးဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၀၉:၀၀ နာရီတွင် Video Conferencing ပုံစံဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲတွင် Covid-19 ကာလအတွင်း ကလေးသူငယ်နှင့်အမျိုးသမီးများအတွက် တရားရုံးများ၏ စီမံဆောင်ရွက်မှု၊ ကလေးသူငယ်မှုခင်းများ စစ်ဆေးစီရင်မှု၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု များအပြင်၊ ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအာဏာ သက်ရောက်ပြီးနောက်ပိုင်း ကလေးသူငယ်မှုခင်းများ စစ်ဆေးစီရင်ရမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး / ပြည်နယ်အသီးသီးမှ ကလေးသူငယ်တရားသူကြီးများက တင်ပြဆွေးနွေးကြသည်။         

ကလေးသူငယ်တရားသူကြီးများ၏ တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် ညွှန်ကြားရေးမှူး ဒေါ်သီမာနွယ်တို့က ပြန်လည်ဆွေးနွေး မှာကြားပြီး၊ UNICEF မှ တာဝန်ရှိသူများကလည်း UNICEF အနေဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းရပ်များကို တင်ပြဆွေးနွေးသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားရေးအရာရှိများ၊ တိုင်းဒေသကြီး / ပြည်နယ်အသီးသီးမှ ကလေးသူငယ် တရားသူကြီးများနှင့် UNICEF မှ တာဝန်ရှိသူများ စုစုပေါင်း ၂၈ ဦး တက်ရောက်ကြပြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် Covid-19 ကာလအတွင်း တိုင်း‌ဒေသကြီး / ပြည်နယ်အသီးသီးတွင် ကလေးသူငယ်တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့မှု ရှိစေရေးအတွက် ယခုကဲ့သို့  Video Conferencing ဖြင့် တွေ့ဆုံပြီး ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်သည်။