ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်မှုသင်တန်း (၁/၂၀၂၅) ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

တရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး (AML/ CFT) ဆိုင်ရာ အသိပညာမြှင့်တင်မှုသင်တန်း (၁/၂၀၂၅)ကို ယနေ့ ညနေ (၃း၀၀) နာရီအချိန်တွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေး ခန်းမ၌ In Person/ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

သင်တန်းတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက AML/ CFT ဆိုင်ရာမှုခင်းများ၊ တရားရုံးသက်သေခံပစ္စည်းများနှင့် စပ်လျဉ်းသည့် တည်ဆဲဥပဒေနှင့်၊ လုပ်ထုံးလုပ်နည်းများ၊ ငွေကြေးခဝါချမှုဥပဒေအရ ပြစ်မှုများနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပ‌ဒေပြဌာန်းချက်များကို ဆွေးနွေးခဲ့သည်။

သင်တန်းသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တရားရေးအရာရှိ(၄၄)ဦးနှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး များ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများမှ တရားသူကြီးနှင့် တရားရေးအရာရှိ(၁၁၂၃)ဦး၊ စုစုပေါင်း(၁၁၆၇) ဦးတို့ တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းသည် AML/ CFT တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈) အရ အသိပညာမြှင့်တင်ရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။