ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၁၃

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှဝန်ထမ်းများ ကျန်းမာရေးဆိုင်ရာအသိပညာ၊ ဗဟုသုတများတိုးပွားရရှိပြီး ကျန်းမာကြံ့ခိုင်စွာဖြင့်လုပ်ငန်းတာဝန်များထမ်းဆောင်နိုင်စေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ ပူးပေါင်းစီစဉ်သည့် ကျန်းမာရေးအသိပညာပေးအစီအစဉ်အရ ဆီးချို၊ သွေးချို၊ သွေးတိုးနှင့် သွားကျန်းမာရေးဆိုင်ရာဟောပြောပွဲကို ယနေ့နေ့လည်  ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန် နှင့်ညွှန်ကြားရေးမှုးများအပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ အရာထမ်းအမှုထမ်း စုစုပေါင်း (၂၀၀) ဦးတက်ရောက်ကြသည်။

ဟောပြောပွဲတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ကုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာရဲမြင့်က “ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါအကြောင်းသိကောင်းစရာ” ကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်းက “Health and Physical Activities” ကိုလည်းကောင်း ဟောပြောဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခဲ့ကြသည်။

အလားတူ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ကုတင်-၁၀၀၀)ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့်ဦးဆောင်သောအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူး၊ နေပြည်တော်သွားနှင့်ခံတွင်းအထူးကုဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာခင်မောင် ဦးဆောင်သောအဖွဲ့တို့က  ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှိယာယီဆေးပေးခန်း၌  ဝန်ထမ်းများအား ဆီးချို၊ သွေးချို၊ သွေးတိုး စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါများကို စစ်ဆေးကုသပေးခြင်းနှင့် သွားတိုက်နည်းစနစ်သင်ကြားပေးခြင်းတို့ကို နံနက် ၉း၃၀ မှ ညနေ ၃ နာ ရီထိ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။