နေပြည်တော်၊ ဇန်နဝါရီ ၂
ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ( ၉ ) နာရီက နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့၊ ဇဝနသိဒ္ဓိရပ်ကွက်ရှိ အဆောက်အဦနေရာ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တက်ရောက်ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားစတင်ဖွင့်လှစ်ရာတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့က ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက Judicial College ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာများပက်ဖျန်းပေးခဲ့သည်။
ဆက်လက်၍ Judicial College အဆောက်အအုံ (၂) သင်တန်းခန်းမ၌ အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာနက အဆောက်အဦဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ Video Clip ကိုပြသခဲ့ပြီးနောက် ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က Judicial College အဆောက်အဦသစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ပြည်ထောင်စုတရားသူကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက်ပြည်ထောင်စုတရားသူကြီးချုပ်က Judicial College အဆောက်အဦပုံစံတူပန်းချီကားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးထံသို့ ပေးအပ်ခဲ့သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက အဖွင့်မိန့်ခွန်းပြောကြားပြီး ပြည်ထောင်စုတရားသူကြီးချုပ်ကလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် Judicial College အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Judicial College အဆောက်အဦသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားရေးဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးနိုင်သော တရားရေးသင်တန်းကျောင်းဖြစ်ပြီး ဆွေးနွေးပွဲများ၊ ညီလာခံများကျင်းပနိုင်သည့်အပြင် ပြည်ပနိုင်ငံများရှိ တရားရေးအရာရှိ များလည်း လာရောက်သင်ကြားနိုင်ရန်အတွက် အဆင့်မီစွာတည်ဆောက်ထားသည့် သင်တန်း ကျောင်းဖြစ်သည်။ အဆောက်အဦ (၁)၊ အဆောက်အဦ (၂) ဟုတည်ဆောက်ထားပြီး သင်တန်းသား (၂၀၀) ဦးဆန့် သင်တန်းခန်းမများပါရှိသည့်အပြင် သင်တန်းသား (၁၆၀) ဦး နေထိုင်နိုင်သည့် အခန်းများလည်း ထည့်သွင်းတည်ဆောက်ထားသည်။ စာကြည့်တိုက်၊ အားကစားခန်းမ၊ သင်တန်းနည်းပြဆရာများ နားနေခန်းများပါရှိပြီး LED Digital Board များလည်းတပ်ဆင်ထားသဖြင့် အဆင့်မြင့်စွာပညာသင်ကြားနိုင်သည့် သင်တန်းကျောင်း တစ်ခု ဖြစ်ကြောင်း သတင်းရရှိသည်။