နေပြည်တော်၊ ဒီဇင်ဘာ ၂၇
ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၃၃) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာပြုပွဲအခမ်းအနားကို ယနေ့နံနက် (၈:၀၀) နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ Judicial College ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးတက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၃၃) တွင် ကင်းဝန်အသင်းဆုရရှိသူ သင်တန်းသူ ဒေါ်အေမွန်ခင် (ကသ-၅၄) အား ပြည်ထောင်စုချုပ်တရား လွှတ်တော်ချုပ်တရားသူကြီး ဦးခင်မောင်ကြီးကလည်းကောင်း၊ ယောအသင်းဆုရရှိသူ သင်တန်းသူ ဒေါ်ခင်မြတ်မြတ်ထက် (ကသ-၆၆) အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးကြည်သိန်းကလည်းကောင်း၊ ဦးမေအောင်အသင်းဆုရရှိသူ သင်တန်းသူ ဒေါ်ဇာနှင်းပွင့်ဦး (ကသ-၂၆) အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးမောင်ကလည်းကောင်း၊ ဒေါက်တာဘဦးအသင်း ဆုရရှိသူ သင်တန်းသူ ဒေါ်အိလင်းထက် (ကသ-၇၉ )အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့် ကလည်းကောင်း၊ ဒုတိယမြို့နယ်တရားသူကြီး များ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၃၃) တွင် စံပြဆုရရှိသူသင်တန်းသူ ဒေါ်ချောယဉ်မင်း (ကသ-၃၄) အား ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးကလည်းကောင်း ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၃) သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းဆင်းမှတ်တမ်းလွှာများကို ဦးမင်းသန့်ဖြိုး (ကသ-၆) အား ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက အပ်နှင်းပေးခဲ့ပါသည်။
ယင်းနောက် တာဝန်စတင်ထမ်းဆောင်မည့် သင်တန်းသား၊ သင်တန်းသူ တရားရေးအရာရှိများက ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများရှေ့မှောက်တွင် ကျမ်းသစ္စာပြုခဲ့ကြပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းဆင်းဒုတိယမြို့နယ်တရားသူကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။