နေပြည်တော်၊ ဒီဇင်ဘာ ၂၄
ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရည်မှန်းချက် (၃) ပါ သတင်းပို့အဖွဲ့အစည်းများ၏ လွှဲပြောင်းဆောင်ရွက်မှုများ စောင့်ကြည့်စစ်ဆေးမှုနှင့် မှတ်တမ်းထိန်းသိမ်းမှုစနစ်များ ပိုမိုတိုးတက်လာစေရန် အစီအစဉ်အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ကြီးကြပ်ရေးအာဏာပိုင်၏ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် AML/CFTဆိုင်ရာ လိုက်နာဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မန္တလေးမြို့ရှိ ရှေ့နေရှေ့ရပ်လုပ်ငန်းခွင် (၆) ခုအား ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးခြင်း မစတင်မီ ပဏာမအသိပညာပေးဆွေးနွေးခြင်းကို မဟာအောင်မြေခရိုင်တရားရုံးစုရပ်၌ဆောင်ရွက်ရာ ကွင်းဆင်းစစ်ဆေးခံမည့်ရှေ့နေများနှင့်အတူ ဖိတ်ကြားထားသည့် ပြင်ဦးလွင်မြို့မှ တရားလွှတ်တော်ရှေနေများ ဒေါ်ဝေဝေထွန်းနှင့် ဒေါ်ဟန်နီဌေးအောင်တို့လည်းတက်ရောက် မေးမြန်းဆွေးနွေးကြသည်။
ကွင်းဆင်းစစ်ဆေးမှုကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးစောမျိုးမျိုးဦးဆောင်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရား စီရင်ရေးကြီးကြပ်မှုရုံး၊ ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးလွင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ချစ်ကျော်၊ တရားလွှတ်တော်ရှေ့နေများကောင်စီဝင် ဦးဝင်းဖေ ၊ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ဝင် ဒုတိယရဲမှူး အောင်မင်းထွဋ်တို့ အတူလိုက်ပါဆောင်ရွက်ခဲ့ရာ တရားလွှတ်တော်ရှေ့နေ ဦးနေလင်းအောင် (ရွှေမန္တလေးအိမ်ခြံမြေ ကုမ္ပဏီလီမိတက်)၊ တရားလွှတ်တော်ရှေ့နေ ဦးလင်းခိုင်သိန်း (THAMADI MEE EAIN LAW FIRM)၊ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်သန်း ( Mandalay Justice Law Firm)၊ တရားလွှတ်တော်ရှေ့နေ ဦးပြည့်ဖြိုးမောင်မောင် (Myanmar Garrison Law Firm)၊ တရားလွှတ်တော်ရှေ့နေ ဒေါ်နှင်းသူအောင် (Hnin Thu & Associates Law Firm) နှင့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းထွန်းတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။