တတိယနှစ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၅ ခုနှစ်) ရေးဆွဲထုတ်ပြန်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၁၃

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) အား နှစ်အလိုက် မဟာဗျူဟာလုပ်ငန်းအစီအစဉ်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၀၂၅ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တတိယနှစ်တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၅ ခုနှစ်) အား ရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့၊ နေ့လည် ၁ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အောက်ထပ်အစည်းအဝေးခန်းမ၌ Hybird System ဖြင့် ကျင်းပရာ မဟာဗျူဟာစီမံကိန်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသောင်းနိုင် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် တတိယနှစ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၅ ခုနှစ်) မူကြမ်းအား လုပ်ငန်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်ထွေးနှင့် အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်တို့က ရှင်းလင်းတင်ပြကြပြီး အစည်းအဝေး တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မဟာဗျူဟာစီမံကိန်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီး ဦးသောင်းနိုင်နှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ တရားရေးဦးစီးမှူးများ၊ ၂၀၂၅ ခုနှစ်၊ တတိယနှစ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းအစီအစဉ်ရေးဆွဲရေး လုပ်ငန်း အဖွဲ့ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ စုစုပေါင်း ( ၄၈ ) ဦး တက်ရောက်ကြသည်။