နေပြည်တော်၊ နိုဝင်ဘာ ၈
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၁၉) ကြိမ်မြောက် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၀၆:၀၀) နာရီအချိန်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများ၊ တရားရေးအရာထမ်းများနှင့် အမှုထမ်းများတက်ရောက်ကြသည်။
ရှေးဦးစွာ ကြွရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများက အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပြီး တက်ရောက်လာသည့် ဧည့်ပရိတ်သတ်အပေါင်းက ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ကြွရောက်လာကြသည့် လမ်းသပြေကုန်းကျောင်းတိုက်၊ ဇမ္ဗူအေးကျောင်းတိုက်နှင့် ဇေယျသိမ်ကျောင်းတိုက်တို့မှ ဆရာတော်သံဃာတော်အရှင် သူမြတ်တို့အား ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။
ဆက်လက်၍ ဇေယျသိမ်ကျောင်းတိုက်ဆရာတော် အရှင်ဝိစိတ္တာလင်္ကာရက ကထိန်လျာသင်္ကန်းလှူဒါန်းခြင်းနှင့်ပတ်သက်၍ အနုမောဒနာတရားဟောကြားချီးမြှင့်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ရုပ်သိမ်းခဲ့သည်။ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းရာတွင် ပစ္စည်းနှင့်အလှူငွေစုစုပေါင်းတန်ဖိုးမှာ (၂၆၃၆၆၂၇၀) ကျပ် ဖြစ်သည်။