ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခြင်း

နေပြည်တော်၊ အောက်တိုဘာ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ တရားစီရင်ရေးနှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များအနက် ပြင်ဆင်သင့်သည့်အချက်များ(မူကြမ်း) နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ (၂:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမော်နှင့် အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် သုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်တို့က ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများမှ တရားစီရင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်နှိုင်းယှဉ်၍ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ ပြင်ဆင်သင့်သည့်အပိုင်းများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ကြပါသည်။