နေပြည်တော်၊ အောက်တိုဘာ ၁၅
ပြည်ထောင်စုတရားသူကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းမိသားစုများ၏ သီတင်းကျွတ်ဂါရဝပြုကန်တော့ပွဲအခမ်းအနားကို ယနေ့နေ့လည် ၁၅:၃၀ နာရီအချိန်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သီတင်းကျွတ်ဂါရဝပြုကန်တော့ပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသည့် ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာကိုကိုနိုင်တို့က တက်ရောက်၍ ဂါရဝပြုကန်တော့ခံခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အကြီးအကဲများအား ဝါကျွတ်ကာလဂါရဝပြုခြင်းအတွက် မင်္ဂလာဩဝါဒစကားများပြောကြားခဲ့ပြီး ဝန်ထမ်းမိသားစုများအား သီတင်းကျွတ်ချီးမြှင့်ငွေအား ပေးအပ်ချီးမြှင့်ခဲ့သည်။